News

POST TYPE

BUSINESS

ကျောက်တံခါးတွင် ငါးဖမ်းသူများကြောင့် လယ်ဧက ၄၀၀ ကျော်ထိခိုက်ဟုဆို
27-Sep-2018

တောင်ငူ၊ စက်တင်ဘာ ၂၆

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဘောဓိကွင်းကျေးရွာအုပ်စုရှိ လယ်ဧကများအတွက် အဓိကရေရယူနေသည့် ချောင်းမြောင်းသုံးခုအတွင်း အင်းလုပ်ပိုင်ခွင့်ရထားသူများက ငါးပိတ်ဖမ်းနေခြင်းကြောင့် လယ်ဧက ၄၀၀ ကျော် ရေလိုသလောက်မရသဖြင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း ယင်းဒေသခံတောင်သူများက ပြောကြားသည်။

“အင်းလုပ်ကိုင်ခွင့်ရထားသူက လုပ်ကွက်တွေ ရောင်းချထားတယ်။ ဒီတော့ လုပ်ကိုင်ခွင့်ရသူက လယ်နီးစပ်ချုပ်က ချောင်းတွေမြောင်းတွေအထိ ဆည်ခံပြီး ငါးဖမ်းတယ်။ မြောင်းရေကို လိုသလိုလုပ်ကြတော့ လယ်ထဲရေဝင်ပြီး ပျက်လိုက်၊ ပြန်စိုက်လိုက် လုပ်ရရုံမက ရေလိုချိန်ကျမရဘူး”ဟု လယ်ဧက ၃၀ ကျော် ရေဝင်နစ်မြုပ်မှု ပြဿနာခံစားနေရသူ ဦးသန်းလွင်က ပြောကြားသည်။

အဆိုပါဒေသတွင် ဧကသုံးထောင်ကျော် ကျယ်ဝန်းပြီး လုပ်ကွက် ၂၂ ခုရှိသည့် အင်းကို ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အခွန်ပေးဆောင်ပြီး လုပ်ပိုင်ခွင့် ရယူထားပြီးနောက် ဒေသခံများကို ပြန်လည်လုပ်ကိုင်ခွင့် ပေးချိန်မှစတင်၍ ထိုကဲ့သို့ ပြဿနာများ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ကျေးရွာ ခြောက်ရွာပါဝင်သည့် ဘောဓိကွင်းကျေးရွာအုပ်စုမှ ဒေသခံများက ပြောဆိုသည်။ 

“မနှစ်ကလည်း တစ်ကြိမ်တိုင်ပြီးပြီ။ မထူးခြားဘူး။ ဒီနှစ်ထဲ တိုင်းဒေသကြီးဆည်မြောင်းဝန်ကြီးကို လူကိုယ်တိုင် ဒေသခံတွေ သွားတင်ပြတယ်။ တရားဝင်အင်းပါဆိုပြီး ကျုပ်တို့လယ်သမားတွေကို ပြောလွှတ်တယ်။ ဖြေရှင်းပေးမယ်ဆိုတာ မပါဘူး”ဟု တောင်သူကြီးတစ်ဦးက ပြောကြားသည်။

ယခုပြဿနာနှင့်ပတ်သက်၍ မိမိတို့အနေနှင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခုပြဿနာဖြစ်နေတဲ့ ဆည်ခံငါးဖမ်းတဲ့ကိစ္စက အင်းကိုတရားဝင် အခွန်အခပေးပြီး ရယူထားသူတွေဖြစ်ပါတယ်။ စည်းကမ်းသတ်မှတ်ထားတဲ့ အချက်တွေလည်း ချိုးဖောက်တာမျိုးမရှိဘူးဆိုတော့ ပြောရခက်တယ်”ဟု ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ ဦးဆန်းဝင်းက ပြောကြားသည်။

ကျောက်တံခါးမြို့နယ် ဘောဓိကွင်း ကျေးရွာအုပ်စုအနီးရှိ အင်းကြီးတစ်ခုကို ၁၉၃၆-၃၇ ခုနှစ်ခန့်ကတည်းက တရားဝင်လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး အင်းလေလံ စည်းကမ်းချက်များတွင် အင်းအတွင်းစီးဝင်သည့် ချောင်းရိုးငါးခုအနက် သုံးခုသာ ငါးဖမ်းယူခွင့်ပေးထားရာ ကျန်ချောင်းနှစ်ခုကို ငါးဖမ်းခွင့်မပေးထားသည့်အတွက် ယခုပြဿနာဖြစ်ပွားနေသည့် လယ်မြေများသည် ငါးဖမ်းခွင့်ပြုထားသည့် ချောင်းသုံးခုအနီးရှိ လယ်မြေများသာဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှသိရသည်။

R-15