News

POST TYPE

BUSINESS

ဒေါ်လာဈေးတက်၍ အထည်ချုပ်လုပ်ငန်းများ တစ်ရက် ၁၀ သိန်းခန့်ရှုံး
24-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂၃

ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်ကို မှီခိုနေရသည့် အသေးစားအထည်ချုပ်လုပ်ငန်းများမှာ ဒေါ်လာဈေး မြင့်တက်မှုကြောင့် တစ်ရက် ကျပ် ၁၀ သိန်းခန့် အရှုံးပေါ်နေကြောင်း မရမ်းကုန်းမြို့နယ် Kaungaunt Garment Manufactoring စက်ရုံပိုင်ရှင် ဒေါ်ယဉ်ယဉ်မိုးက ပြောကြားသည်။

ယင်းစက်ရုံ အဆောက်အအုံစရိတ်၊ စက်ပစ္စည်းစရိတ်၊ အထွေထွေကုန်ကျစရိတ်၊ လုပ်ခလစာ၊ ကုန်ထုတ်စရိတ် အားလုံးပေါင်းလျှင် အလုပ်သမားတစ်ဦး ၂၅ ဒေါ်လာ ကုန်ထုတ်စွမ်းအားရရှိမှသာ စက်ရုံတစ်နေ့တာ အရင်းကျေမည်ဟု ၎င်းက ဆိုသည်။

“အခု ၉လပိုင်း ၁၀ လပိုင်းမှာ တစ်လကို အလုပ်သမားစရိတ်၊ ပစ္စည်းစရိတ် နုတ်ပြီးရင် တစ်ရက် ၁၀ သိန်းလောက် စိုက်ရတယ်။ နိုင်ငံခြားက အထည်ကိုမှာတယ်၊ ဒီမှာချုပ်ပြီး ပြည်တွင်းကိုပဲ ပြန်ပို့တာဆိုတော့ ဒေါ်လာဈေးတက်ပြီး မကိုက်တော့ဘူး”ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ပြည်တွင်း အသေးစားအထည်ချုပ်လုပ်ငန်းများတွင် ပြည်တွင်းဈေးကွက်ကို ၆၀ ရာခိုင်နှုန်း မှီခိုနေရသော်ကြောင့် ဒေါ်လာဈေးမြင့်တက်ခြင်း၊ အော်ဒါရရှိမှုရှားပါးခြင်း၊ အရောင်းအဝယ် နည်းပါးမှုများကြောင့် အရှုံးပေါ်နေသည်ဟု ၎င်းက ဆိုသည်။

“local စက်ရုံကတော့အဆင်ပြေဘူး။ export စက်ရုံတွေကတော့ အဆင်ပြေတယ်။ လေဘာခတစ်ရက်ကို ၄၈၀၀ ပေးရတယ်။ တစ်ရက်ချုပ်ခက ၃၀၀၀ ဖိုး လောက်ဘဲရတယ်။ အဆင်မပြေရင်တော့ ပိတ်မယ်”ဟု ရွှေပြည်သာမြို့နယ်၊  Gold  Garment အထည်ချုပ်စက်ရုံမှ ကိုအုပ်စိုးပိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ဈေးကွက်သည် ဥရောပနိုင်ငံက အကြီးဆုံး ဖြစ်နေသည်အတွက် (Generalized System of Preference –GSP) ကုန်သွယ်မှု အထူးအခွင့်အရေးစနစ်ကို အမေရိကန်ပိတ်ဆို့ခဲ့လျှင် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမှု ဖြစ်လာနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်းမှ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

“အမေရိကန်ဘက်က GSP က စဉ်းစားမယ်ဆိုတာလည်းရှိတယ်။ အဲဒီက ပိတ်ခဲ့ရင် ဈေးကွက်အပြောင်းအလဲဖြစ်မယ်။ အလုပ်သမား ငါးသိန်းက အလုပ်လက်မဲ့တွေဖြစ်နိုင်တယ်”ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့ပေါ်ရှိ အထည်ချုပ် လုပ်သားအင်းအား ငါးသိန်းတွင် ထက်ဝက်ကျော် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ရှိပြီး စက်ရုံးများအတွင်း လုပ်သားငါးသိန်းခန့်က ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ ၄၀၀ ခန့်တွင် ဝင်ရောက်လုပ်ကိုင်လျှက်ရှိသည်။

အမေရိကန်မှ (Generalized System of Preference –GSP) ကို ၂၀၁၆ ခုနှစ်စက်တင်ဘာလအတွင်း နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင်း တရားဝင် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

J-18


  • VIA