News

POST TYPE

BUSINESS

မင်းပြားတွင် ကျွဲအုပ်လိုက် သေဆုံး
24-Sep-2018
စစ်တွေ၊ စက်တင်ဘာ၂၃

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဖျား အိုးပျဉ်တောင်ကျေးရွာ တောင်ပေါ်၌ လွှတ်ကျောင်းထားသော ကျွဲအကောင် ၁၀၀ ခန့်တွင် ၅၀ ကျော် သေဆုံးလျက်တွေ့ရှိပြီး ၄၀ ကျော် ပျောက်ဆုံးနေကြောင်း အိုးပျဉ်တောင် ကျေးရွာသားများထံမှ သိရသည်။

အဆိုပါကျေးရွာ၌ ဩဂုတ်လအတွင်း လယ်ကျက်သည့်အချိန်၌ ကျွဲများကို နေရာချထားပေးမည့် စားကျက်မြေနေရာများမရှိ၍ အနီးပတ်ဝန်းကျင်ရှိ တောင်ပေါ်တို့တွင် ကိုယ့်အုပ်စုနှင့်ကို ထားကြကြောင်း တောင်သူများမှာ အလုပ်များပြီးသည့်အခါ မိမိကျွဲ၊ နွားများကို ကြည့်ရှုရန်သွားရာ ဝါးရုံတောများအနီးမှာ ယင်းသို့ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း အိုးပျဉ်တောင်ကျေးရွာမှ ဦးမောင်နီချေက ရှင်းပြသည်။

“ရေအိုင်တွေမှာ အကောင် ၁၀ ကျော် ၂၀ အဲလိုတွေ့တယ်။ ကျွဲကျောင်းသားနဲ့မဟုတ်ဘဲ အလွတ် ကိုယ့်နေရာနဲ့ကို လွှတ်ထားကြတယ်။ စားကျက်မြေကိစ္စနဲ့ ပြဿနာဖြစ်လို့လည်းရှိတော့ ဆေးခတ်လိုက်တာလားလို့ သုံးသပ်ကြတယ်ပေါ့”ဟု ၎င်းက ပြောသည်။

၎င်းကျွဲများ သေဆုံးနေကြသည့် တောင်ပေါ်မှာ မတ်စောက်လျက် ရခိုင်ရိုးမတောင်တန်းနှင့် ဆက်နွှယ်လျက်ရှိကာ ၄ နာရီချိန်ခန့် တောင်ပေါ်သို့တက်ရကြောင်း ဦးမောင်နီချေက ဆိုသည်။

ယင်းသို့သေဆုံးနေကြသော ကျွဲများကို စက်တင်ဘာလ ၂၀ ရက်ခန့်တွင် တွေ့ရှိကြပြီး ပျောက်ဆုံးနေကြသော ကျွဲများအား လိုက်လံရှာဖွေနေကြကြောင်း၊ ကျွဲ ၁၀ ကောင်ခန့် ပိုင်ဆိုင်သော တောင်သူတစ်ဦးလျှင် ကျွဲ ၂ ကောင်မျှသာ အသက်ရှင်ကျန်ရှိကြောင်းနှင့် ကျွဲတစ်ကောင်လျှင် ဒေသပေါက်ဈေး ၁၀ သိန်းကျော်ရှိကြောင်း ကျေးရွာသားများက ဆိုကြသည်။

ကျွဲများ သေဆုံးရသည့်အခြေအနေနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ကွင်းဆင်းစစ်ဆေးရန် သွားလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ဦးလွင်က ပြန်လည်ဖြေကြားသည်။

R-22


  • VIA