News

POST TYPE

BUSINESS

လေးဂွနှင့်ပစ်ပြေး၍ လူတစ်စုက ဓားနှင့်ခုတ်သတ်
21-Sep-2018

တောင်ငူ၊ စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဥယျာဉ်တော် ကျေးရွာအုပ်စု မကျည်းကုန်း ကျေးရွာတွင် စက်တင်ဘာ ၂၀ ရက် ည ၁၀ နာရီခန့်က အရက်တူသောက်စားကြရာမှ စကားများစဉ် လေးဂွနှင့်ပစ်ပြေးသူကို လူတစ်စုက ဓားနှင့်ခုတ်သတ်ခဲ့သည်ဟု အုတ်တွင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှစုံစမ်းသိရှိရသည်။

“အရက်သောက်ကြတုန်း စကားများချိန် သေဆုံးသူက လောက်လေးဂွနဲ့ပစ်ပြေးတယ်။ ထွက်ပြေးတဲ့အမျိုးသားကို လူငါးဦးက လိုက်ရှာပြီး ဓားနဲ့ခုတ်သတ်ခဲ့တာပါ။ တစ်ယောက်ထွက်ပြေးတိမ်းရှောင်နေပြီး ကျန်အမျိုးသားလေးဦး ဖမ်းမိထားပါတယ်”ဟု အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ ည ၁၀ နာရီခန့်က မကျည်းကုန်းကျေးရွာ နေအိမ်တစ်အိမ်တွင် အမျိုးသားခြောက်ဦး အရက်သေစာသောက်စားနေကြစဉ် စကားများရန်ဖြစ်ကြရာမှ အသက် ၄၄ နှစ်အရွယ် ဦးတင့်လွင်ဦးက လေးဂွနှင့်ပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ လေဝွနှင့်ပစ်ခံရသူများအနက် ဇော်ဝမ်း (၄၅ နှစ်-တိမ်းရှောင်)၊ မြင့်ဦး (၄၅ နှစ်)၊ ဇော်လှိုင်ဦး (၃၀ နှစ်)၊ နိုင်နိုင် (၃၁ နှစ်) နှင့် ကျော်ကြီး (၂၆ နှစ်) တို့ ငါးဦးက နောက်မှလိုက်လံရှာဖွေကာ ဓားနှင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး ဇော်ဝမ်းအပါအဝင် အမျိုးသားငါးဦးကို အုတ်တွင်းမြို့မရဲစခန်းမှ(ပ) ၃၉၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ /၁၁၄ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်ထားသည်ဟု အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

R-15