News

POST TYPE

BUSINESS

ပြည်ပအလုပ်အကိုင်အေဂျင်စီ အာမခံကြေး အစိုးရက ကျပ်သိန်း ၁၀၀ စီ ထပ်တိုး
18-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ အကျိုးဆောင်အာမခံကြေး ကျပ် သိန်း ၁၀၀ စီ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ အာမခံကြေး တိုးမြှင့်ကောက်ခံရခြင်းနှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနေနှင့် တာဝန်ယူစေလွှတ်သည့် အလုပ်သမားများအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်နှင့် စည်းကမ်းစနစ်တကျ ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားသည်။

ယခင်က အေဂျင်စီများအနေနှင့် ထိုင်းလိုင်စင်တစ်ခုအတွက် အကျိုးဆောင်အာမခံကြေးသိန်း ၁၀၀ နှုန်း ပေးသွင်းရပြီး အခြားနိုင်ငံများသို့ ပို့ဆောင်မည့် လိုင်စင်အတွက် အကျိုးဆောင် အာမခံကြေး သိန်း ၅၀ နှုန်း သတ်မှတ်ထားသည်။

“အခုက သိန်း ၁၀၀ တိုးမြှင့်လိုက်တယ်။ တခြားနိုင်ငံပို့တဲ့ အေဂျင်စီ သိန်း ၁၅၀ နဲ့ ထိုင်းပို့တဲ့အေဂျင်စီ ၂၀၀ ပေးရမယ်။ အဲလောက်ဆို သဘောတူတယ်။ လွန်ခဲ့တဲ့နှစ်က သိန်း ၅၀၀ သွင်းခိုင်းတာ။ အဲဒါကြောင့် ကန့်ကွက်ခဲ့တာပါ” ဟု ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းစည်သူက ပြောကြားသည်။

လိုင်စင်ကြေးတိုးမြှင့်လိုက်သည့်အတွက် ဝန်ဆောင်ခနှုန်းထား အပြောင်းအလဲ ရှိနိုင်၊ မရှိနိုင်ကို အေဂျင်စီများကြား ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့အပါအဝင် ပြည်ပအလုပ်အကိုင် အေဂျင်စီဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့ စက်တင်ဘာ ၁၅ ရက်က ရန်ကင်းမြို့နယ် ကျွမ်းကျင်လုပ်သားကျောင်းတွင် တွေ့ဆုံညှိနှိုင်း၍ ထိုသို့ပေးသွင်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါသဘောတူညီမှုကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြ၍ အမိန့်စာထွက်ပြီး သုံးလအကြာတွင် သိန်း ၅၀ ပေး သွင်းရမည်ဖြစ်ပြီး ခြောက်လပြည့်လျှင် နောက်ထပ်သိန်း ၅၀ ကို ထပ်မံပေးသွင်းရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက အလုပ်သမားဝန်ကြီးဌာနက အာမခံကြေး ၁၀ ဆကျော် တိုးမြှင့်မည်ဆိုသောကြောင့် ပြည်ပအေဂျင်စီ ၁၉၀ က စုပေါင်း လက်မှတ်ရေးထိုး၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သမ္မတရုံးသို့ တင်ပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် တရားဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ စုစုပေါင်း ၂၆၀ ရှိပြီး အေဂျင်စီအများစုသည် ထိုင်းနိုင်ငံနှင့် မလေးရှားသို့အများဆုံး လုပ်သားပို့ဆောင်နေရကြောင်း ၎င်းထံက သိရသည်။

J-18