News

POST TYPE

BUSINESS

ဝါဈေး တစ်ပိဿာ ၁၆၀၀ ကျပ်ဈေးပေါက်
17-Sep-2018


မန္တလေး၊ စက်တင်ဘာ ၁၆

ပြည်တွင်းဈေးကွက်တွင် ဝါဈေးနှုန်းများ မြင့်တက်ကောင်းမွန်လျက်ရှိရာ လက်ရှိအချိန်၌ ဝါတစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် အမြင့်ဆုံးဈေးရနေသည်ဟု ဝါစိုက်တောင်သူအချို့ထံမှ သိရသည်။ 

ယခုနှစ် ဝါဈေးကွက်ဖွင့်ချိန်က တစ်ပိဿာလျှင် ၁၂၀၀ ကျပ်သာရှိသော်လည်း လက်ရှိတွင် အရည်အသွေးပေါ် မူတည်ကာ ၁၄၀၀ ကျပ်မှ ၁၆၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း သာစည်မြို့နယ် အောင်သာကျေးရွာမှ ဝါအရောင်းအဝယ် လုပ်ကိုင်သူ ဦးမောင်ဝင်းက ပြောကြားသည်။

“ဝါဈေးက မဆိုးဘူး၊ အလားအလာ ကောင်းပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ဝါကိုအဓိကတင်ပို့နေသော အမေ ရိကန်နိုင်ငံမှဝါတင်ပို့မှုကို တရုတ်က ကန့်သတ်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ ဝါကိုအား ထားဝယ်ယူလာသောကြောင့် ဝါဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ပြောကြားသည်။

“အခုဆိုရင် ဝါဈေးကောင်းလာတဲ့အတွက် တောင်သူတွေအတွက် အားရစရာကောင်းတဲ့ အခွင့်အရေး တစ်ခုဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

မိုးကြိုဝါစိုက်ပျိုးသော တောင်သူများအနေနှင့် မိုးနှောင်းကာလတွင်လည်း ဝါကိုပိုမို စိုက်ပျိုးလာကြောင်း ဦးဇော်ထွန်းမြင့်က ဆက်လက်ပြောဆိုသည်။

ရာသီဥတုအခြေအနေကြောင့် ထိခိုက်မှုရှိခဲ့သော်လည်း ဈေးကောင်းရခဲ့သည့်အတွက် ယခုနှစ်တွင် ဝါစိုက်တောင်သူများ အဆင်ပြေခဲ့ကြောင်း သာစည်မြို့နယ်၊ အောင်သာကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးအောင်လင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ဝါကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ဧက ၅၅၀,၀၀၀ ကျော်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ 

M-08


  • VIA