News

POST TYPE

BUSINESS

ကြက်သွန်ဈေး အတက်အကျကြမ်း
14-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၁၃

ဈေးတက်နေကျအချိန် မဟုတ်သော်လည်း ကြက်သွန်ဈေးနှုန်းများသည် ကုန်သည်များ ဈေးကစားခြင်းကြောင့် ဈေးအတက်အကျ ကြမ်းတမ်းနေကြောင်း မြန်မာနိုင်ငံ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုချောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး အသင်းဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

ကြက်သွန်ဈေးသည် ဩဂုတ်လအတွင်းက ဆွာချောင်းတမံကျိုး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် ရန်ကုန် ကြက်သွန်ဈေးကွက်အတွင်းသို့ ကြက်သွန်ဝင်ရောက်မှု နည်းပါးခြင်းကို အခွင့်ကောင်းယူ၍ ဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဈေးက တက်ရမယ့်အကြောင်းအရင်း ဘာမှမရှိဘူး။ အရင်ရက်တွေက ကားအဝင်လျော့တယ်။ အဲဒီတော့ အဆွဲများပြီး ဈေးတက်သွားတာ။ ဒီလို ဈေးမကစားဖို့ကိုလည်း အသင်းအနေနဲ့ သတိပေးတာတွေ လုပ်နေပါတယ်”ဟု ဦးခင်ဟန်က ဆိုသည်။

ရန်ကုန်ကြက်သွန်ဈေးကွက်အတွင်း ကြက်သွန်ဈေးသည် စက်တင်ဘာလ ၁၁ ရက်နေ့က တစ်ပိဿာလျှင် ကျပ် ၃၇၅ မှ ၅၅၀ အထိမြင့်တက်နေရာမှ ယခုအခါ တစ်ပိဿာလျှင် ကျပ် ၁၅၀ မှ ၃၀၀ အထိ ပြန်လည်ကျဆင်းကြောင်း ဘုရင့်နောင် ကြက်သွန်ဈေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာလဆန်းပိုင်းက ရန်ကုန် ကြက်သွန်ဈေးကွက်သို့ တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၁၂ စီးမှ ၂၀ အထိသာ ဝင်ရောက်ခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် အစီးရေ ၄၀ နီးပါးပြန်လည် ဝင်ရောက်ကြောင်း၊ ထိုသို့ ကြက်သွန်အဝင် ပြန်များလာသည့်အတွက် ကြက်သွန်ဈေး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း ကြက်သွန်ကုန်သည်များက ဆိုသည်။

လက်ရှိကြက်သွန်ဈေးကွက်အတွင်း ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ၁၀၅၀ ကျပ်၊ ဆိပ်ဖြူ (လတ်ကြီး) ၉၅၀ ကျပ်၊ ဆိပ်ဖြူ (လတ်သန့်) တစ်ပိဿာလျှင် ၈၀၀ ကျပ်နှင့် ဆိပ်ဖြူ (လတ်ချော) တစ်ပိဿာလျှင် ၆၀၀ ကျပ်ဈေးရှိကြောင်း အဓိကကြက်သွန်ဈေးကွက်ဖြစ်သည့် ဘုရင့်နောင်ကြက်သွန်ဈေးကွက်အတွင်းမှ သိရသည်။

S-04


  • VIA