News

POST TYPE

BUSINESS

ရွှေတစ်ကျပ်သား ကျပ် ၁၀ သိန်းနီးပါးဖြင့် ဈေးပိတ်
14-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၁၃

ဩဂုတ်လဆန်းပိုင်းမှ စတင်မြင့်တက်လာသော ပြည်တွင်းရွှေဈေးသည် စက်တင်ဘာလ ၁၃ ရက်နေ့၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းနီးပါးသို့ ရောက်ရှိပြီး စံချိန်တင်ဈေးနှုန်းတစ်ရပ်ဖြင့် ဈေးပိတ်သွားကြောင်း ရွှေလက်ကား ဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းရွှေဈေးမှာ အမေရိကန် ဒေါ်လာငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် အမြင့်ဆုံးအထိ စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ရွှေဈေးတက်နေသော်လည်း ရွှေလက်ကားဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ပင်ဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၆၀ ဒေါ်လာ နီးပါးအထိ မြင့်တက်နေပြီး ဒေါ်လာဈေး ဆက်လက်မြင့်တက်ပါက ရွှေဈေးဆက်တက်နိုင်ကြောင်း ရွှေလက်ကားကုန်သည်ကြီးများက သုံးသပ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ စက်တင်ဘာလ ၁ ရက်နေ့က ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၂၀၁ ဒေါ်လာဖြစ်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့က တစ်အောင်စလျှင် ၁၂၀၆ ဒေါ်လာဖြစ်ကြောင်း ရွှေလက်ကားဈေး ကွက်အတွင်းမှ သိရသည်။

ပြည်တွင်းအခေါက်ရွှေဈေးမှာ စက်တင်ဘာလ ၁ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၇၇,၂၀၀ ကျပ်မှ စက်တင်ဘာလ ၁၃ ရက်နေ့၌ အခေါက် ရွှေတစ်ကျပ်သားလျှင် ၉၉၆,၂၀၀ ကျပ်အထိ မြင့်တက်လာပြီး သီတင်းနှစ်ပတ်အတွင်း တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းနီးပါး ဈေးတက်ခြင်းဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ 

J-05


  • VIA