News

POST TYPE

BUSINESS

မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း၊ ပယ်ဖျက်သည့်စာရင်းတွင် တပ်မတော် ခေါင်းဆောင်ဟောင်းများပါ
08-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၈

 

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားရှိသည့်  စီးပွားရေး ပိတ်ဆို့ထားမှုများကို ပယ်ဖျက်ပေးလိုက်ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) အပါအဝင် တပ်မတော် ထိပ်တန်းခေါင်းဆောင်ဟောင်းများနှင့် နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ပယ်ဖျက်ခံရသည့် စာရင်းတွင် ပါဝင်ခဲ့သည်။

 

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ အရေးပေါ်စီးပွားရေးဆိုင်ရာ အက်ဥပဒေကို ဖယ်ရှားကြောင်း သမ္မတ ဘားရက်အိုဘားမားက အောက်တိုဘာလ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ရာ ယခုအရေးယူပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ခံရသည့် လူပုဂ္ဂိုလ်များစာရင်း၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း)၊ ဒုသမ္မတ ဦးမြင့်ဆွေတို့အပြင် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်၊ ယုဇန ဦးဌေးမြင့်၊ ဇေကမ္ဘာ ဦးခင်ရွှေတို့လည်း ပါဝင်လာခဲ့သည်။

 

မြန်မာနိုင်ငံ၌ လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အများစု နေရာရပြီး အရပ်သားအစိုးရ တက်လခြင်း၊ နိုင်ငံရေး အကျဉ်းသား အများအပြား လွတ်မြောက်လာခြင်း အပါအဝင် အခြေခံလူ့အခွင့်အရေးများနှင့် ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုများ သိသိသာသာ တွေ့မြင်လာရခြင်းကြောင့် ယခုကဲ့သို့ ရုပ်သိမ်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်အထက်နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌများထံ အိုဘားမားက ပေးပို့ခဲ့သည့် စာတွင် ဖော်ပြထားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် သမ္မတ အိုဘားမားနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု တချို့ကို ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း အိုဘားမားက ပြောဆိုခဲ့သည်။

 

ယင်းသို့ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားလိုက်ခြင်းကြောင့် လက်ရှိကျဆင်းနေသော ကုန်သွယ်မှုမှာ ယခုနှစ်အတွင်း တိုးတက်လာမည် ဖြစ်ကြောင်း စီးပွားရေး ကျွမ်းကျင်ပညာရှင်များက သုံးသပ်ပြီး စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားပေးခြင်းကို ကောင်းစွာအသုံးချရန်မှာ မြန်မာ့စီးပွားရေး ပညာရှင်များ၏ တာဝန်ဖြစ်ကြောင်း ၎င်းတို့က တညီတညွတ်တည်း တိုက်တွန်းပြောဆိုသည်။

 

“ဒါကြောင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးတက်လာနိုင်ပါတယ်။ ပို့ကုန်ကတော့ သိပ်တက်မှာ မဟုတ်ဘူး။ အဓိကကတော့ သွင်းကုန်ပဲ တက်လာနိုင်တယ်” ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက သုံးသပ်ပြောဆိုသည်။

 

သို့သော် ရင်းနှီးမြှုပ်နှံမှုများတိုးတက်ခြင်းနှင့် မြန်မာ့စီးပွားရေး တိုးတက်ခြင်းမှာ ယခုနှစ်များအတွင်း များပြားလာနိုင်ဖွယ် မရှိသေးကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။

 

“တစ်ချက်တော့ ကြည့်ရမယ်။ ဥရောပ နိုင်ငံတွေမှာက Burma ဒါမှမဟုတ် မြန်မာလို့ ပါတာနဲ့ မင်နီပြလိုက်တာ ဆိုတော့ ဒီဟာတွေကိုရော အချိန်တိုအတွင်း ပယ်ဖျက်နိုင်မှာလား ဆိုတာပေါ့။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ကုန်သွယ်ရတဲ့အခါ ငွေပေးချေမှု အပိုင်းတွေက တော်တော်လေး မြန်ဆန်သွားနိုင်တယ်” ဟုဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေး ဦးရဲမင်းဦးက မှတ်ချက်ပြုသည်။

 

အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့မှုအားလုံး ရုတ်သိမ်းပေးလိုက်ပြီ ဆိုခြင်းကြောင့် မြင့်တက်နေသည့် အမေရိကန် ဒေါ်လာဈေးနှုန်းမှာလည်း ကျဆင်းသွားပြီး မြန်မာ့ငွေကြေးဈေးကွက်ကို တည်ငြိမ်လာစေမည် ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ ပညာရှင်များက ဆိုသည်။

 

“ဘဏ်လုပ်ငန်းတွေ ပါဝင်လာတာက ပိုအဓိကကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်တွေ လွတ်မှသာ ကုန်သွယ်မှုရော၊ ရင်းနှီးမြှုပ်နှံမှုပါ တိုးတက်မှာလေ။ ဒီလိုလွှတ်လိုက်တယ် ဆိုတော့ မြန်မာ့စီးပွားရေးကို အထောက်အကူပြုစေမှာပါ” ဟု ငွေကြေးမူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဦးသန်းလွင်က ပြောဆိုသည်။

 

စက်တင်ဘာလအတွင်းက သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိက ခရီးစဉ်အတွင်း သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့မှုများကို မကြာမီ ဖယ်ရှားပေးမည်ဟု ကြေညာထားခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံတကာ အရေးပေါ်စီးပွားရေးဆိုင်ရာ အက်ဥပဒေကို ရုတ်သိမ်းလိုက်ခြင်းကြောင့် ၂ဝဝ၃ ခုနှစ်က ချမှတ်ထားသည့် Freedom and Democracy Act ဟု ခေါ်သည့် လွတ်လပ်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ၊ ၂ဝဝ၈ ခုနှစ်က ချမှတ်ထားသည် JADE Actဟုခေါ်သည့် စစ်အစိုးရ ဒီမိုကရေစီ ဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ချမှတ်ထားသည့် အက်ဥပဒေများအရ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပျက်ပြားသွားစေမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။

 

ထိုသို့ ဖယ်ရှားလိုက်ခြင်းကြောင့် နိုင်ငံတော်အစိုးရ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ကိုယ်စီဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှ လုပ်ဆောင်နိုင်မည်ကို ဆက်လက်စောင့်ကြည့်ရမည့် အနေအထား ဖြစ်သည်ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောကြားသည်။

 

ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “စီးပွားရေး ပိတ်ထားလို့ ကျွန်မတို့ စီးပွားရေး မတိုးတက်ရပါဘူးလို့ ဆင်ခြေပေးလို့ မရတော့ဘူးပေါ့လေ။ အဓိက တိုင်းပြည်ရဲ့ စီးပွားရေးအတွက် ပိုပြီးတော့ တာဝန်ကြီးလာတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပိုများသွားပြီလို့ပဲ ကျွန်မ မြင်ပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။ 



  • VIA