News

POST TYPE

BUSINESS

အိမ်ရှင် ပိုက်ဆံအိတ် ပျောက်ဆုံးမှုကြောင့် အိမ်အကူ မိန်းကလေး ကိုးလွှာတိုက်ခန်းပေါ်မှ ခုန်ချ အဆုံးစီရင်
10-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၀

ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗန္ဓုလတာဝါရှိ ကိုးလွှာတိုက်ခန်းပေါ်မှ အသက် ၁၆ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦးမှာ အိမ်ရှင်အမျိုးသမီး၏ ပိုက်ဆံအိတ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တိုက်ပေါ်မှခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပေါ်မှ ခုန်ချအဆုံးစီရင်ခဲ့သူ အသက် ၁၆ နှစ် မခိုင်သဉ္ဇာမှာ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့တော်သို့လာရောက်ပြီး ဗန္ဓုလတာဝါရှိ ကိုးလွှာတိုက်ခန်းပိုင်ရှင် ဒေါ်ဝင်းသီရိကျော်၏နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေချိန် တစ်လကျော်အကြာမှာ ကိုးလွှာတိုက်ပေါ်မှ ခုန်ချ၍ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရသည်။

“သိရသလောက်ဆို အိမ်ရှင်က ပစ္စည်းပျောက်တယ်။ အိမ်မှာရှိတဲ့သူတွေ မေးတယ်။ ထုံးစံအရ အမှန်မပြော ရဲတိုင်ပစ်မယ်ဆိုတာမျိုး ပြောခဲ့တယ်လို့ သိရတယ်။ အခင်းဖြစ်ချိန် အဲဒီတိုက်ခန်းမှာ သေဆုံးသူ မိန်းကလေးရယ် အခြားအိမ်ဖော်နှစ်ယောက်ရယ် အဒေါ်ကြီးတစ်ယောက်ရယ် အိမ်ရှင်အမျိုးသမီးရယ် ရှိတယ်။ အားလုံးငါးယောက် အခုဖြစ်စဉ်အရဆို မျက်မြင်သက်သေ သုံးယောက်ရှိတယ်။ အမှုဖြစ်စဉ် အသေးစိတ်ကိုတော့ ရဲပဲသိမှာ”ဟု ပုဇွန်တောင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုးလွှာတိုက်ခန်းမှ အိမ်အကူ မခိုင်သဉ္ဇာမှာ ယင်းနေ့ ညနေ ၄ နာရီဝန်းကျင်က အိမ်ရှင် ဒေါ်ဝင်းသီရိကျော်၏ ပိုက်ဆံအိတ် ပျောက်ဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခံရစဉ် သေဆုံးသူမှစိတ်ဆိုးပြီး အခင်းဖြစ် တိုက်ခန်းရှေ့ရှိ ဝရန်တာပေါ်တက်၍ တိုက်အောက်သို့ ခုန်ချသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူမှာ တိုက်၏ အရှေ့လမ်းပေါ်တွင် ပက်လက်အနေအထားဖြင့် ပြုတ်ကျခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် ပုဇွန်တောင်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်ရေးဖွင့်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03