News

POST TYPE

BUSINESS

မကွေးတွင် နှမ်းနက်ဈေးတက်
09-Sep-2018
မကွေး၊ စက်တင်ဘာ ၈

တရုတ်ဝယ်လက်များပြားလာခြင်းကြောင့် မကွေးတိုင်း မကွေးမြို့နယ်အတွင်း စမုန်နှမ်းနက်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာကြောင်း မကွေးသီးနှံပွဲရုံများထံမှ သိရသည်။

ယင်းနှမ်းနက်ဈေးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကထက် တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်အထိ မြင့်တက်ပြီး ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်အတွင်း နှစ်ဆအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။

“ရာသီဥတုဖျက်ဆီးလို့ မကွေးတိုင်း တစ်ခုလုံးမှာ နှမ်းအထွက်နှုန်းက အရမ်းကျသွားတယ်။ နှမ်းဈေးကွက်က အတက်အကျ ကြမ်းလွန်းတယ်။ တောင်သူတွေဆီမှာ နှမ်းကမကျန်တော့ဘူး။ ဒါကြောင့် ဈေးတွေတက်လာတာ။ နိုင်ငံခြားက ဝယ်လိုအားထပ်များလာရင် ဈေးထပ်တက်နိုင်တယ်”ဟု နှမ်းကုန်သည် ဦးမြသိန်းက ပြောဆိုသည်။

ထိုသို့နှမ်းဈေးများ မြင့်တက်လာခြင်းမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် နှမ်းအထွက်နှုန်းလျော့ကျခြင်းနှင့်အတူ ကုန်သည် ပွဲစားများ၏ ဈေးကစားမှုများကြောင့်ဖြစ်ကြောင်း နှမ်းစိုက်တောင်သူ ဦးဝင်းနိုင်က ပြောဆိုသည်။

“နှမ်းအထွက်နှုန်းတွေက ထက်ဝက်လျော့ကျတယ်။ ဈေးတက်လာတော့ တောင်သူတွေမှာ အကျိုးခံစားခွင့် မရှိဘူး။ ပြန်လည်ပတ်ဖို့ မလွယ်ဘူး။ တောင်သူတွေလက်ထဲမှာ မျိုးနှမ်းတွေပဲ ကျန်တော့တာ။ နည်းနည်းပဲကျန်တဲ့နှမ်းတွေ ထွက်လာအောင် ဈေးမြှောက်ပေးနေတာ”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ မကွေးမြို့နှမ်းဈေးကွက်အတွင်း စမုန်နက်နှမ်း တစ်တင်းလျှင် ကျပ် ၇၂,၀၀၀၊ နှမ်းအဖြူတစ်တင်းလျှင် ကျပ် ၅၂,၀၀၀ ဈေးရှိပြီး နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၆၀၀၀ ကျော် ဈေးရှိကြောင်း မကွေး မြို့ပေါ်ရှိ သီးနှံပွဲရုံ ပိုင်ရှင်များထံမှ သိရသည်။ 

R-23


  • VIA