News

POST TYPE

BUSINESS

ဧရာဝတီတိုင်းတွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်သူလျော့
05-Sep-2018
ပုသိမ်၊ စက်တင်ဘာ ၄

လယ်ယာမြေပိုင်ဆိုင်ကြောင်း ထောက်ခံချက်လက်မှတ် ပုံစံ (၇) မူရင်း အပ်နှံနိုင်မှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးသည့်စနစ်ကို ယခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် စတင်လိုက်သည့်အတွက် ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးစရိတ်ထုတ်ချေးသည့် လယ်သမားဦးရေ ယခင်နှစ်ကထက် သုံးသောင်းကျော်လျော့ကျခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲထံမှ သိရသည်။

ထို့ကြောင့် စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးမှုပမာဏမှာလည်း ယခင်နှစ်ကထက် ကျပ်ဘီလီယံ ၃၀ ကျော် လျော့ကျခဲ့ပြီး ယင်းမှာ လယ်သမားများမှ ယခင်နှစ် ကြွေးကျန်မဆပ်နိုင်ခြင်း၊ ပုံစံ (၇) ပျောက်ဆုံးနေခြင်း၊ ပုံစံ (၇) မူရင်းကို အခြားငွေချေးသည့်အဖွဲ့များနှင့် လူပုဂ္ဂိုလ်များထံ အပ်နှံ၍ ငွေချေးထားကြခြင်းနှင့် အမည်ပြောင်းခြင်းများအတွက် အသစ်ပြန်လည်မလျှောက် ထားနိုင်ခြင်းတို့ကြောင့် လျော့နည်းသွား ရခြင်းဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။

ယခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို မေလမှ ဇွန်လကုန်အထိသာ ကနဦးထုတ်ချေးပေးမည်ဟု ဆိုခဲ့သော်လည်း ချေးငွေထုတ်ရန် လယ်သမားအများအပြား ကျန်နေသည့်အတွက် ဩဂုတ်လ ၃၁ ရက်နေ့အထိ ကာလတိုး၍ ချေးငွေထုတ်ပေးခဲ့ကြောင်း ဧရာဝတီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးသန်းဌေးအောင်က ပြောကြားသည်။

ယခင်က မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ၃ ယောက်တစ်ဖွဲ့ (ဝိုင်းလေးချုပ်) စနစ်မှ လယ်သမားတစ်ဦးချင်း တာဝန်ယူတာဝန်ခံမှုဖြင့် ငွေထုတ်ချေးသည့်စနစ်ဖြင့် ပြောင်းလဲထုတ်ပေးခဲ့ရာတွင် ပုံစံ (၇)မူရင်းတင်ပြပါက လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးခဲ့ပြီး လယ်ယာမြေတည်ရှိသည့်နေရာနှင့် လယ်သမားနေထိုင်သည့်နေရာ ကွဲပြားမှုရှိပါက နေထိုင်သည့်နေရာရှိ ကျေးရွာဘဏ်ခွဲ၏ ထောက်ခံချက်ဖြင့် ငွေထုတ်ချေးပေးကြောင်း အဆိုပါဘဏ်ခွဲထံမှ သိရသည်။

“ကျွန်တော်တို့ အုပ်စုမှာတော့ ချေးငွေမရတာ ၁၀ ရာခိုင်နှုန်းလောက်တော့ ကျန်တယ်၊ အဲဒါတွေက ပုံစံ (၇) ပြဿနာတွေကြောင့်ပါ၊ ၂၀၁၂ က ပုံစံ (၇) ကို အမြန် အမြန်ထုတ်ပေးခဲ့ကြပြီး အခုအချိန်မှာ နာမည်ပြောင်းတာတို့ ပျက်စီး၊ ပျောက်ဆုံးတာတို့ကျတော့ သက်ဆိုင်ရာဌာနတွေက လုပ်မပေးနိုင်ကြဘူးဖြစ်နေတယ်”ဟု ရေကြည်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလွင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက ၃၆ သိန်းကျော်ရှိပြီး ယခင်နှစ်အထိ မိုးစပါးစိုက်ပျိုးစရိတ် ကြွေးကျန် ကျပ်သန်း ၆၃,၉၀၀ ကျော် ကျန်ရှိနေပြီး ယခုနှစ်အတွင်း မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးသူ ၂၉၃,၃၇၅ ဦး (ဧက ၁,၉၄၉,၉၆၉) သို့ ချေးငွေကျပ် ၂၉၂ ဘီလီယံ ထုတ်ချေးခဲ့ကာ ပြီးခဲ့သည့်နှစ်က လယ်သမား ၃၂၄,၄၂၆ ဦး (ဧက ၂၁၄၉,၂၆၈) သို့ စိုက်ပျိုးစရိတ် ကျပ် ၃၂၂ ဘီလီယံကျော် ထုတ်ချေးခဲ့ကြောင်း ယင်းတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲထံမှ သိရသည်။

R-11 



  • VIA