News

POST TYPE

BUSINESS

ကမ်းဝေးငါးဖမ်းလှေများတွင် စောင့်ကြည့်ကိရိယာ တပ်ဆင်ရမည့်ကာလ ဖြေလျှော့
04-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၃

မြန်မာ့ပင်လယ်ပြင်အတွင်း ဖမ်းဆီးသည့် ကမ်းဝေးငါးဖမ်းလှေများတွင် ငါးဖမ်းလှေ စောင့်ကြည့်ကိရိယာစနစ် (Vessel Monitoring System- VMS)  တပ်ဆင်ရမည့်ကာလကို ဖြေလျှော့ပေးလိုက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ယခင်က VMS ကို ၂၀၁၈-၁၉ ငါးဖမ်းရာသီအမီ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် အပြီးတပ်ဆင်ရမည်ဟု ပြောကြားထားသော်လည်း ငါးဖမ်းလုပ်ငန်းရှင်များဘက်က အဆင်သင့်မဖြစ်သေးသောကြောင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အပြီးတပ်ဆင်ရမည်ဟု ဖြေလျှော့ပေးလိုက်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

“အရင်တုန်းကတော့ ဒီငါးဖမ်းကာလ အမီတပ်ရမယ်၊ ချက်ချင်းတပ်ရမယ်ဆိုပြီး ပြောထားတာတွေရှိတယ်။ အဆင်သင့်မဖြစ်သေးတဲ့အတွက်၂၀၁၉ စက်တင်ဘာမှာ အပြီးတပ်ရမယ်ဆိုပြီး ဖြေလျှော့ပေးလိုက်တာ”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားသည်။

၂၀၁၅ ခုနှစ်ကလည်း ကမ်းဝေးငါးဖမ်းလှေများတွင် VMS စနစ်တပ်ဆင်နိုင်ရေးအတွက် ပြင်သစ်နိုင်ငံမှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် French Development Agency- FDA နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ငါးဖမ်းလှေပိုင်ရှင်များက တပ်ဆင်ရန်ငြင်းဆိုခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ မတပ်ဆင်နိုင်သေးခြင်းဖြစ်သည်။ 

“VMS တပ်ရမယ်လို့ ကမ်းဝေး လိုင်စင်ထုတ်ပေးကတည်းက ညွှန်ကြားချက်ရှိပေမယ့် VMS တပ်ဖို့က အဆင်သင့် မဖြစ်သေးဘူး။ VMS တပ်ဖို့ ဌာနဆိုင်ရာတွေပါတဲ့ တင်ဒါအဖွဲ့ဖွဲ့ထားတယ်။ တင်ဒါ ရွေးချယ်ဖို့တောင် ဘာမှမလုပ်ရသေးတဲ့အတွက် ဝန်ကြီးဌာနက တပ်ရမယ့်ကာလကို ဖြေလျှော့ပေးလိုက်ပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။ 

၂၀၁၈-၁၉ ငါးမဖမ်းရကာလကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ သုံးလသတ်မှတ်ထားခြင်းဖြစ်ပြီး ဩဂုတ်လ တတိယအပတ်မှစကာ ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။ 

VMS ကိရိယာတပ်ဆင်ပါက ငါးဖမ်းစက်လှေများ၏ သွားရာလမ်းကြောင်း၊ ငါးဖမ်းဆီးသည့်ဧရိယာ၊ ငါးဖမ်းဆီးနှုန်း စသည်တို့ကို ငါးလုပ်ငန်းဦးစီးဌာနက သိရှိနိုင်မည်ဖြစ်ပြီး စသည်တို့ကိုအခြေခံပြီး ပင်လယ်ငါးဖမ်းလှေများ၏ ငါးဖမ်းဆီးနှုန်းများခြင်းတို့ကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောကြားသည်။ 

စောင့်ကြည့်ကိရိယာ တပ်ဆင်နိုင်ရန်အတွက် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေး လုပ်ငန်းကော်မတီတို့ကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အဖွဲ့ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

VMS စနစ်တပ်ဆင်လျှင် ပင်လယ်ငါးဖမ်းလှေပိုင်ရှင်များအနေနှင့် ကျပ်သိန်း ၅၀ မှ ၆၀ ခန့်အထိ ပေးဆောင်ရမည်ဖြစ်ပြီး VMS စနစ်တပ်ဆင်ပါက ငါးဖမ်းဆီးသည့် ဧရိယာတို့ကို ငါးလုပ်ငန်းဦးစီးဌာနက ထောက်ခံချက်ပေးနိုင်မည်ဖြစ်ကာ ပြည်ပသို့တင်ပို့ရာတွင် မည်သည့်ဈေးကွက်မဆို အခက်အခဲမရှိတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် VMS စနစ် မတပ်ဆင်မှုကြောင့် သဘာဝမှဖမ်းဆီးရမိသည့် ပုစွန်များ အမေရိကသို့ မတင်ပို့နိုင်သေးကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။ 

J-11


  • VIA