News

POST TYPE

BUSINESS

စံချိန်တင် ရွှေဈေး ပြန်ကျ၊ ဆက်ကျမည်ဟု ခန့်မှန်း
06-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၆ 

အခေါက်ရွှေ တစ်ကျပ်သားလျှင် ကိုးသိန်းအထိ စံချိန်တင် မြင့်တက်ခဲ့သော ပြည်တွင်း ရွှေဈေးမှာ လေးရက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၃ဝဝဝ နီးပါး ပြန်လည် ကျဆင်းသွားကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကား ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ 

ပြည်တွင်း ရွှေဈေးမှာ အောက်တို ဘာလ ၂ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကိုးသိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး အောက်တိုဘာလ ၆ ရက် နေ့အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၈၆၇,ဝဝဝ ကျပ်အထိ ဆက်တိုက် ပြန်လည် ကျဆင်းသွားခြင်းဖြစ်ကြောင်း အခေါက်ရွှေ လက်ကား ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။        

“ရွှေဈေးက ကမ္ဘာ့ရွှေဈေးကော ပြည်တွင်း ဒေါ်လာဈေးကော နှစ်ခုပေါင်းကျလို့ ဒီလောက်အထိ ကျသွားတာပါ၊ ပြည်တွင်း ဒေါ်လာဈေး ကျနေဦးမယ်ဆို ရွှေဈေးက အခုတစ်ပတ်အတွင်း ရှစ်သိန်းခွဲ လောက်အထိ ဆက်ပြီး ကျနိုင်ခြေ ရှိပါတယ်”ဟု တိတ်စိန် ရွှေဆိုင် ပိုင်ရှင် ကိုဇော်အောင်က ဆိုသည်။ 

အောက်တိုဘာလ ၅ ရက်နေ့က ပြင်ပ ငွေကြေးဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၈ဝ ကျပ်မှ အောက်တိုဘာလ ၆ ရက်နေ့တွင်မူ အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၇ဝ ကျပ်ခန့်အထိ ကျဆင်းသွားကြောင်း ပြင်ပ ငွေကြေး ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ 

ကမ္ဘာ့ရွှေဈေးမှာ အောက်တိုဘာလ ၂ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၁၅ ဒေါ်လာမှ အောက်တိုဘာလ ၆ ရက်နေ့အတွင်း ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၆၅ ဒေါ်လာအထိ ကျဆင်းသွားခြင်း ဖြစ်ပြီး လေးရက်အတွင်း အမေရိကန် ဒေါ်လာ ၅ဝ ဝန်းကျင် ကျဆင်းသွားခြင်းဖြစ်ကြောင်း ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူများထံမှ သိရှိရသည်။


  • VIA