News

POST TYPE

BUSINESS

ဆန်သောက
25-Aug-2018
မြန်မာနိုင်ငံရှိ လူသန်း ၅၀ ကျော် အဓိက စားသုံးသည့် ဆန်ဈေးသည် ယခုရက်ပိုင်းမှာပင် လွန်ခဲ့သည့် ငါးနှစ်အတွင်းကထက် စံချိန်တင်သွားခဲ့သည်။ ဆန်ဈေးတက်သည့်အပေါ်တွင် လူတို့က အမြင်အမျိုးမျိုးရှိကြသည်။ 

ရန်ကုန်မြို့ရှိ လက်လီအရောင်းဆိုင်အချို့က “ဝယ်ထား ထပ်တက်ဦးမယ်”ဟု ဝယ်သူတွေကို သတင်းစကားပါးသည်။ 

အချို့ကလည်း ဆန်ဈေးတက်ခြင်းနှင့်ပတ်သက်၍ သောကဖြစ်ကာ ဝယ်စုကြပြန်သည်။ 

ဤသည်မှာ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာထဲက ဖြစ်လေ့ရှိသည့် အဆိုးကျော့သံသရာကို တစ်ပတ်လည်စေခြင်းဖြစ်သည်။ 

“အခုက အခိုက်အတန့် အကျပ်အတည်းလေးပါ။ အခုသတင်းတွေကို နားယောင်ပြီးတော့ ဆန်တွေဝယ်စုတာတွေ၊ လှောင်ထားတာတွေ မလုပ်ကြပါနဲ့။ မကြာခင်ပြေလည်သွားမှာပါ။ မစိုးရိမ်ကြပါနဲ့”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က သတိပေးပြောဆိုသည်။ 

သို့ရာတွင် ဈေးထဲမှာ၊ ဈေးဝယ်စင်တာမှာ၊ အရောင်းဆိုင်များမှာ ဆန်ဈေးသည် တစ်နေ့ထက် တစ်နေ့၊ တစ်ပတ်ပြီးတစ်ပတ် ဈေးတို့များစွာ မြင့်တက်လာနေသည်။ 

ပြည်တွင်း၌ အဓိကစားသောက်နေသည့် ဆန်ချောအုပ်စုဖြစ်သည့် ပေါ်ဆန်းဆန်တို့၏ ဈေးနှုန်းတို့ မှာ အဓိက အမြင့်တက်ဆုံးဖြစ်သည်။

ယင်းသို့မြင့်တက်လာရသည်မှာလည်း ပြည်တွင်းစားသုံးသူတို့ ဆန်အမျိုးအစား ပြောင်းလဲစားသုံးမှုများကြောင့်လည်းဖြစ်သည်ဟု ရေဆင်းတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြုလုပ်သည့် စစ်တမ်းအရသိရသည်။

ထိုဆန်ဈေးတို့သည် ပြီးခဲ့သည့် ဇူလိုင်လကထက် တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၈၀၀၀ ခန့်အထိ၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၀၀၀ ခန့်နှင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လကထက် ဆန်ချောတစ်အိတ်လျှင် ကျပ် ၁၅,၀၀၀ ခန့်အထိနှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၂,၀၀၀ ခန့်မြင့်တက်ကြောင်း ဆန်ချော အဓိကရောင်းချသည့် ဝါးတန်းဆန်ကုန်စည်ဒိုင်ထံမှ သိရသည်။

ထိုသို့ပြည်တွင်းအဓိကစားသုံးသည့် ဆန်ချောဈေးတို့သာ မြင့်တက်နေသည်လားဟုဆိုရင် မှားမည်။ ပြည်ပအဓိကပို့နေသည့် ဆန်ကြမ်းဈေးနှုန်းတို့မှာလည်း မြင့်တက်နေသည်ပင်ဖြစ်သည်။ ယင်းဆန်ဈေးများသည်လည်း ပြီးခဲ့သည့် ဇူလိုင်လကထက် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၇၀၀ မှ ၂၅၀၀ အထိနှင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းကထက် တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၄၅၀၀ အထိ မြင့်တက်လျက်ရှိသည်။

“ဆန်စပါးအသင်းချုပ်အနေနဲ့တော့ ဈေးကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးဖြစ်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။

သို့သော် ဆန်ဈေး ဆက်တက်ဦးမည်လားဆိုသည့်မေးခွန်းကိုမူ မည်သူမျှ တိတိကျကျ မပြောနိုင်ကြ။

“အခုဈေးက စံချိန်တင်ဈေးကို ရောက်နေပြီဆိုတော့ ထပ်တက်ရင် လူတွေဝယ်မစားနိုင်မှာစိုးတယ်။ မကြာခင်လည်း စပါးတွေ ပေါ်လာတော့မယ်ဆိုတော့ ဈေးကွက်ကို စောင့်ကြည့်ဖို့လိုသလို လှောင်ထားသူတွေက ထုတ်ရောင်းပေးမယ်ဆိုရင် ဈေးကျနိုင်တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

လက်ရှိဆန်ချောဈေးများ အဓိကမြင့်တက်ရခြင်းမှာ ပြီးခဲ့သည့်နှစ်များကထက် စားသုံးမှု ပိုမိုမြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ဈေးကွက်အတွင်း ဈေးကစားသူအချို့နှင့် လှောင်ထားသူအချို့ကြောင့် မြင့်တက်ရခြင်းဖြစ်သည်ဟု ဆန်စပါးအသင်းချုပ်အသိုင်းအဝိုင်းက ဆိုသည်။

ထိုသို့ဈေးကစားခြင်းများနှင့် လှောင်ထားသူများ ရောင်းထုတ်လာစေရန်တို့အပါအဝင် လတ်တလော ဆန်ဈေးမြင့်တက်ခြင်းနှင့်ပတ်သက်၍ နည်းလမ်းရှာဖွေနိုင်ရန် ဆွေးနွေးပွဲများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဆန်စပါးကုန်သည်များအသင်းတို့က ဦးဆောင်၍ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအသင်းများထံမှ သိရသည်။

“ဒီနေ့ (ဩဂုတ် ၂၃ ရက်) တော့ ဝါးတန်းကုန်စည် ဒိုင်မှာ ဆွေးနွေးပွဲလုပ်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးမှာပါ”ဟု ဦးရဲမင်းအောင်က ဆိုသည်။

လက်ရှိ ဆန်ဈေးမြင့်တက်ခြင်းနှင့်ပတ်သက်၍ သတင်းအချက်အလက်အမှန်ရရှိရေးမှာလည်း အဓိက အရေးပါသည့် ကိစ္စတစ်ခုဖြစ်သည့်အတွက် ဆန်စပါးအသင်းချုပ်အနေနှင့် သတင်းအချက်အလက်အမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ထိုပွဲတွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများက ပေါ်ဆန်းဆန်များ စားခြင်းထက် အခြားဆန်များ ပြောင်းလဲစားသုံးရန် တိုက်တွန်းခဲ့ကြပြီး စားသုံးမှုများပြားသည့် ရွှေဘိုပေါ်ဆန်းကို မစားဘဲ အခြားဆန်ကို ၎င်းကိုယ်တိုင်ပြောင်းလဲစားသုံးနေကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

သို့သော် လက်ရှိဆန်ဈေးများ မြင့်တက်ခြင်းကြောင့် အိမ်ရှင်မတို့ ကောင်းကောင်း အခက်အခဲတွေ့ကြုံနေရသည်။

“ထမင်းတွေကို ကုန်သလောက်ပဲယူ။ အခု ဆန်တစ်အိတ်က လူတစ်ယောက် တစ်လစာနီးပါးလောက် ရောက်နေပြီ”ဟု အိမ်ရှင်မတစ်ဦးဖြစ်သူ မကြူက ပြောဆိုသည်။

ဟုတ်သည်။ လက်ရှိ လက်လီဈေးကွက်အတွင်းရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်ခုနစ်သောင်းကျော်၊ ရှစ်သောင်းနီးခန့်သို့ ရောက်ရှိနေသည်။

ပြည်တွင်းရှိ စက်ရုံအချို့တွင် လုပ်ကိုင်နေသူအချို့၌ ယင်းဆန်တစ်အိတ်ခန့်သာသာ လစာရရှိသူတို့ ရှိနေသည်။ အချို့ နေ့စားအလုပ်သမားအချို့ကို ပျမ်းမျှတွက်ချက်ကြည့်မည်ဆိုပါကလည်း ထိုမျှလောက်သာရှိသည်။ အချို့ဆို ယင်းပမာဏထက် နိမ့်ကြပေသည်။

ထိုသို့ဆိုသော် ဆန်ဈေးမြင့်တက်ခြင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်မည်နည်း။ ပြည်ပက တင်သွင်းခွင့်ပြုမည်လော။ ယင်းမှာလည်း ဖြစ်နိုင်ခြေ နည်းပါးလှပေသည်။

လက်ရှိ ကျပ်ငွေဈေးများ ထိုးကြပြီး အမေရိကန် ဒေါ်လာဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသည့်အတွက် မလိုအပ်သည့် သွင်းကုန်မှန်သမျှကို လျှော့ချရန် ပညာရှင်များက တိုက်တွန်းနေချိန်တွင် သွင်းကုန်ထပ်တိုး၍ မဖြစ်နိုင်ပေ။ သို့သော် မစားမဖြစ် စားသောက်ကုန်ဖြစ်သည့်အတွက် လိုအပ်ပါက အစိုးရအနေနှင့် လုပ်ငန်းရှင်များကို အခွန်လွတ် တင်သွင်းခွင့်ပြုခြင်း (သို့မဟုတ်) အစိုးရကိုယ်တိုင်သွင်း၍ ပြန်လည်ရောင်းချပေးခြင်းများကို ပြုလုပ်နိုင်သည်။ အစိုးရကိုယ်တိုင်သွင်း၍ ရောင်းချပါက ကုန်သည်များ၏ ဈေးကစားခြင်းကို ရှောင်ရှားပြီးသား ဖြစ်နိုင်ပေသည်။ ဈေးကွက်သဘောတရားအရ ရောင်းလိုအားများပါက ဈေးနှုန်းတို့သည်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းတစ်ရပ်သို့ ရောက်ရှိလာမည်ဖြစ်သည်။

ပြည်ပက တင်သွင်းမည်ဆိုပါက ဆန်စပါးအဓိက စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများထံမှ တင်သွင်း၍ ရနိုင်မည်ဖြစ်သည်။

သို့သော် ထိုလုပ်ရပ်ကိုမူ ဆန်စပါးကုန်သည် အသိုင်းအဝိုင်းက မထောက်ခံကြပေ။

“ပြည်ပက သွင်းဖို့တော့ မလိုပါဘူး။ ဆန်က ပြည်တွင်းစားသုံးမှုအတွက် ဖူလုံပါတယ်။ အဲဒါကြောင့် ပြည်ပတောင် ပို့နေတာပဲ”ဟု ဆန်စပါးအသင်းချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း စပါးအဓိကစိုက်ပျိုးသည့် ဒေသများတွင် ရေကြီးရေလျှံခြင်းများကြုံတွေ့ရခြင်းနှင့် ပြည်တွင်း ငွေလဲနှုန်းမတည်ငြိမ်ခြင်းများကြောင့် လတ်တလော အခိုက်အတန့်အနေနှင့် အကျပ်အတည်း တစ်ခုအဖြစ် ရင်ဆိုင်နေရခြင်းဖြစ်ပြီး ပြန်လည်ပြေလည်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါက အခိုက်အတန့်ပါ။ သိပ်မကြာခင် ဆန်သစ်လည်း ထပ်ထွက်လာတော့မှာဆိုတော့ ပူစရာမလိုတော့ပါဘူး”ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် တစ်နှစ်လျှင် ဆန်တန်ချိန် ၁၂ သန်း မှ ၁၅ သန်းကြား ထွက်ရှိပြီး တစ်နှစ်လျှင် ဆန်ထွက်ရှိမှု၏ ၁၂ ရာခိုင်နှုန်းကျော်ကို ပြည်ပတင်ပို့လျက်ရှိကာ ကျန်ထွက်ရှိမှုကို ပြည်တွင်း၌ စားသုံးလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် တစ်နှစ်လျှင် စိုက်ဧက ၅ သန်း မှ ၇ သန်းကျော်အထိ စိုက်ပျိုးရာတွင် တစ်နှစ် ဆန်တန်ချိန် ၂၇ သန်း မှ ၂၈ သန်းအထိ ထွက်ရှိလေ့ရှိသည်။ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် နှစ်ဆကျော်ကွာဟလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုသည် ဆန်တင်ပို့မှုသမိုင်း၌ အမြင့်ဆုံးအဖြစ် ဆန်တန်ချိန် သုံးသန်းကျော်ကို တင်ပို့ထားသည်။ ယင်းမတိုင်မီ စံချိန်တင်တင်ပို့မှုမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က တန်ချိန် ၁ ဒသမ ၈ သန်းဖြင့် စံချိန်တင်ထားသည်။

ထိုသို့ ပြီးခဲ့သည့်နှစ်က ဆန်ပြည်ပတင်ပို့မှုများ ပြားခဲ့ခြင်းကြောင့်လည်း ပြည်တွင်း၌ ဆန်လက်ကျန် နည်းပါးခြင်းကို ဖြစ်ပေါ်စေပြီး ဈေးနှုန်းမြင့်တက်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆန်ကုန်သည်များက ဆိုသည်။

ထိုသို့ဆိုသော် လက်ရှိမြင့်တက်နေသည့် ဆန်ဈေးနှင့်ပတ်သက်၍ မည်သို့ဆက်ကြုံဦးမည်နည်း။ မည်သို့ ဆက်လက်လုပ်ဆောင်ကြဦးမည်နည်း။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်ကတော့ ယခုကဲ့သို့ ပြောသည်။ 

“အခုက အခိုက်အတန့်အကျပ်အတည်းလေးပါ။ အခုသတင်းတွေကို နားယောင်ပြီးတော့ ဆန်တွေ ဝယ်စုတာတွေ၊ လှောင်ထားတာတွေ မလုပ်ကြပါနဲ့။ မကြာခင် ပြေလည်သွားမှာပါ။ မစိုးရိမ်ကြပါနဲ့” 

ဟိန်းမြတ်စိုး



  • VIA