News

POST TYPE

BUSINESS

ပြည်တွင်း၌ ဒေါ်လာဖြင့် ငွေပေးချေမှု မလုပ်ရန် ဗဟိုဘဏ် ထပ်သတိပေး
23-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၂

ပြည်တွင်းရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် နိုင်ငံတကာပုဂ္ဂလိက ကျောင်းများအပါအဝင် ဝန်ဆောင်ခကို အမေရိကန်ဒေါ်လာဖြင့် ကောက်ခံနေသော လုပ်ငန်းများကို ဒေါ်လာဖြင့် ငွေပေးချေမှုများ မလုပ်ဆောင်ရန် ယခုလအတွင်း ထပ်မံ၍ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။ 

လက်ရှိအချိန်တွင် ယင်းငွေပေးချေမှုကိစ္စရပ်များကို ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များအပြင် ဝန်ကြီးဌာနများနှင့်ပါ ဗဟိုဘဏ်က ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခုထက် အခြေအနေပိုမိုဆိုးရွားလာပါက အရေးယူမှုအပိုင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ပြည်တွင်းမှာ ငွေပေးချေမှုလုပ်ရင် နိုင်ငံရဲ့သတ်မှတ်ထားတဲ့ ကျပ်ငွေကို အသုံးပြုရမယ်ဆိုပြီး ဥပဒေမှာလည်း ပါပြီးသားပါ။ နိုင်ငံသားတိုင်းကလည်း ကျပ်ငွေကိုပဲသုံးဖို့ တာဝန်ရှိပါတယ်။ ဒီထက် ပိုပြီး အခြေအနေဆိုးလာရင်တော့ နောက်ထပ် အစီအစဉ်တွေ ထပ်လုပ်သွားဖို့ရှိပါတယ်” ဟု ၎င်းကပြောဆိုသည်။

ပြည်တွင်းဟိုတယ်များသို့ လာရောက်တည်းခိုကြသည့် နိုင်ငံခြားသားခရီးသွားများကို အမေရိကန်ဒေါ်လာနှုန်းထားဖြင့် သတ်မှတ်ကောက်ခံလျက်ရှိသော်လည်း နိုင်ငံခြားသားအများစုမှာ ကတ်စနစ်များဖြင့်သာ ပေးချေကြပြီး ယခုနှစ်ပိုင်းတွင်လည်း ပြည်တွင်းဟိုတယ်အများစုမှာ ဝန်ဆောင်ခများကို မြန်မာကျပ်ငွေများဖြင့် ငွေပေးချေမှုများ ဆောင်ရွက်လာကြပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောကြားသည်။

ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ တိုက်ခန်းငှားရမ်းမှုနှင့် ရောင်းချမှုများ၊ နိုင်ငံတကာကျောင်းများနှင့် ချိတ်ဆက်ထားသော ပုဂ္ဂလိကကျောင်းများ၏ ကျောင်းလခများကို ဒေါ်လာဖြင့် ကောက်ခံခြင်းများအပြင် အခြားလုပ်ငန်းများက ၎င်းတို့၏ ဝန်ဆောင်ခများကို မလိုလားအပ်ဘဲဒေါ်လာဖြင့်ကောက်ခံမှုများကြောင့် ဒေါ်လာသုံးစွဲမှုမြင့်တက်ပြီး ဒေါ်လာဈေးနှုန်းတက်စေသည့် အချက်တစ်ခုဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ထောက်ပြပြောကြားသည်။

“ဒါက အားလုံးပါဝင်လုပ်ဆောင်ရမယ့် ကိစ္စပါ။ ဗဟိုဘဏ်ကလည်း ဒီကိစ္စကို ဒီထက်ပိုပြီး ထိထိရောက်ရောက် ကြပ်မတ်ဖို့လိုတာပေါ့”ဟု ၎င်းကဆိုသည်။ 

ပြည်တွင်းတွင် ဒေါ်လာဖြင့် ငွေပေးချေမှုများ မလုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဗဟိုဘဏ်က အသိပေးထုတ်ပြန်မှုများ လုပ်ဆောင်ခဲ့ဖူးသော်လည်း ဝန်ဆောင်ခများကို ဒေါ်လာဖြင့်ကောက်ခံသော လုပ်ငန်းများထဲမှ အများစုမှာ ယခုအချိန်အထိ ပုံမှန်အတိုင်း ဒေါ်လာဖြင့် ကောက်ခံဆဲပင် ဖြစ်သည်။

J-01