News

POST TYPE

BUSINESS

ဆန်ဈေး စံချိန်တင် တက်
20-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၀

ပြည်တွင်း အဓိကစားသုံးသည့် ဆန်ချောဈေးနှုန်းများ စံချိန်တင်မြင့်တက်ကြောင်း ရန်ကုန်မြို့၏ အဓိကဆန်ဈေးကွက်ကြီးနှစ်ခုဖြစ်သော ဝါးတန်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်များထံမှ သိရသည်။

ဆန်ချောဈေး အမြင့်ဆုံးအဖြစ် ၂၀၁၇ ခုနှစ်အတွင်းက ပေါ်ဆန်းဆန် အမျိုးအစားများသည် တစ်အိတ်လျှင် ကျပ်လေးသောင်းကျော်အထိသာ မြင့်တက်ခဲ့ဖူးသော်လည်း ယခုအခါ ယင်းဆန်အမျိုးအစားတစ်အိတ်လျှင် ကျပ်ငါးသောင်းကျော်အထိ စံချိန်တင်ဈေးနှုန်းများအဖြစ်သို့ ရောက်ရှိကြောင်း အဆိုပါဈေးကွက်များအတွင်းမှ သိရသည်။

“ဆန်လက်ကျန်က ရှိတယ်။ အဓိက ထုတ်မရောင်းကြတာ။ အဲဒါကို ထုတ်ရောင်းဖို့ ဆွေးနွေးပွဲလုပ်ဖို့ရှိတယ်။ အခု ဈေးတက်နေတာက စားသုံးမှုမြင့်တက်လာတာကြောင့်လည်း ပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောဆိုသည်။

ပေါ်ဆန်း ဆန်ချောဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေခြင်းနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာပွဲကို ရန်ကုန်မြို့ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၌ ဩဂုတ်လ ၂၃ ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဝါးတန်း) ထံမှ သိရသည်။

လတ်တလော ဆန်ဈေးသည် နှစ်ပတ်အတွင်း ဆန်ချောတစ်အိတ်လျှင် ကျပ် ၃၀၀၀ မှ ၆၀၀၀ ခန့်နှင့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ အထိ မြင့်တက်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း၌လည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း ဝါးတန်းနှင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်များထံမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ရွှေဘို ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၅,၀၀၀ မှ ၅၉,၅၀၀ အထိ၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၇,၀၀၀ မှ ၅၀,၀၀၀ အထိ၊ ဒေးဒရဲ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၆,၀၀၀ မှ ၅၀,၀၀၀ အထိ၊ မြောင်းမြ/ပုသိမ် ပေါ်ဆန်း တစ်အိတ်လျှင် ၄၈,၀၀၀ မှ ၅၂,၀၀၀ အထိ၊ ပေါ်ဆန်းနယ်စုံတစ်အိတ်လျှင် ကျပ် ၄၄,၀၀၀ မှ ၄၅,၀၀၀ အထိ၊ ကြားပျံရှယ်တစ်အိတ်လျှင် ၄၆,၀၀၀ မှ ၄၈,၀၀၀ အထိ၊ ဧည့်မထ ၂၅ မှတ်တစ်အိတ်လျှင် ကျပ် ၂၀,၈၀၀ မှ ၂၁,၀၀၀ အထိ၊ ကြမ်းရှယ်တစ်အိတ်လျှင် ကျပ် ၂၂,၈၀၀ မှ ၂၃,၀၀၀ အထိ၊ သီးထပ် ရှယ်တစ်အိတ်လျှင် ကျပ် ၂၃,၀၀၀ မှ ၂၃,၂၀၀ အထိနှင့် ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၂၅,၀၀၀ မှ ၂၆,၀၀၀ အထိဈေးရှိကြောင်း အဆိုပါဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04