News

POST TYPE

BUSINESS

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ တစ်ဘီလီယံကျော် ဝင်ရောက်
ရန်ကုန်၊ ဩဂုတ် ၁၉ 

၂၀၁၈ ခုနှစ် ဧပြီလမှ ဩဂုတ်လ ပထမအပတ်အထိ လေးလကျော်အတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၁၁၃၇ ဒသမ ၆၇၅ သန်းအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယင်းကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၁ ခုကို ခွင့်ပြုခြင်း၊ အတည်ပြုပေးခြင်းများ လုပ်ဆောင်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းများထဲတွင် စက်မှုကုန်ထုတ်လုပ်ငန်းအများအပြား ပါဝင်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းအပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ယခင်နှစ်များကထက် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၌ စင်ကာပူနိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ယင်းနောက်တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးအထိရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလီယံ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။

J-01