News

POST TYPE

BUSINESS

ပြည်ပနှင့် တရားဝင် ရွှေတင်ပို့ တင်သွင်းခွင့် စက်တင်ဘာတွင် စခွင့်ပြု
17-Aug-2018


မန္တလေး၊ ဩဂုတ် ၁၆

နှစ်ပေါင်း ၆၀ ကျော် ကန့်သတ်ထားခဲ့သော ရွှေကို ပြည်ပနှင့် တရားဝင် တင်ပို့ တင်သွင်းခွင့် စက်တင်ဘာလ ၃ ရက်နေ့မှစ၍ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

ပို့ကုန်သွင်းကုန်လုပ်နိုင်သူများ၊ လိုင်စင်ရထားသူများသည် လေဆိပ်တွင် အခွန်ဆောင်ပြီးပါက သွင်းကုန်၊ ပို့ကုန်အဖြစ် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ရွှေနှင့်ပတ်သက်သည့် အခွန်ကောက်ခံမည့်ပုံစံကို မသိရသေးသော်လည်း ပြည်ပမှတင်သွင်းလာသော ရွှေများအတွက် သုညရာခိုင်နှုန်း၊ ပြည်ပသို့တင်ပို့မည့်ရွှေများအတွက် ၁၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု သိထားကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။

ရွှေကို သွင်းကုန်တစ်ခုအဖြစ် အဆင်ပြေစွာ ဝယ်ယူနိုင်ပါက ရွှေဈေးချ၍ရောင်းနိုင်မည်ဖြစ်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းအဖြစ် ခွင့်ပြုပေးရန် ခေတ်အဆက်ဆက် တောင်းဆိုခဲ့သော်လည်း ယခုအစိုးရလက်ထက်မှသာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်၌ ပြည်တွင်းရွှေဈေးတက်လျှင် ပြည်ပမှတရားမဝင် တင်သွင်းမှုများရှိနေပြီး ပြည်တွင်းရွှေဈေးကျလျှင်လည်း ပြည်ပသို့ တရားမဝင်တင်ပို့မှုများ ရှိနေသောကြောင့် ရွှေကို ယခုကဲ့သို့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းအဖြစ် တရားဝင် ခွင့်ပြုလိုက်ခြင်းဖြစ်နိုင်သည်ဟု ကန္တာရစိမ်း ရွှေသန့်စင်တူးဖော်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုင်းဝင်းမြင့်က ပြောကြားသည်။ 

“လုပ်သင့်တာကြာပြီ။ မဟုတ်လည်း နယ်စပ်ဒေသက ခိုးဝင်၊ ခိုးထွက်နေတာပဲ”ဟု ၎င်းက ပြောဆိုသည်။ 

လတ်တလောအနေအထားအရ ပြည်တွင်းရွှေ ဝယ်လိုအားများနေသောကြောင့် ပြည်ပပို့ကုန်အဖြစ်တင်ပို့ရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ ရွှေလုပ်ငန်းရှင်အချို့ကလည်း သုံးသပ်ထားသည်။

ပြည်တွင်း၌ ရွှေမလုံလောက်မှုကြောင့် တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်မှုများလည်းရှိနေပြီး ရွှေသန့်စင် တူးဖော်ရေးကုမ္ပဏီ အများစုသည်လည်း ပြည်တွင်းလုပ်ငန်းရှင်များထံ ရောင်းချမှုမရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ပို့ကုန်သွင်းကုန်အဖြစ် ခွင့်ပြုမည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် စက်တင်ဘာလ ၃ ရက်ကစ၍ ရွှေကို ပြည်တွင်းပြည်ပသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းအဖြစ် စတင်ရောင်းဝယ်ခွင့်ပြုသည့် အကြောင်းကြားစာကို ဩဂုတ်လ ၁၄ တွင် လက်ခံရရှိခဲ့ကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

M-08


  • VIA