News

POST TYPE

BUSINESS

ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု လျော့ကျ
13-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၂

ပြည်တွင်းရှိ ငါး၊ ပုစွန် အအေးခန်းစက်ရုံများ ကုန်ကြမ်းရရှိမှုနည်းပါး၍ ရေထွက်ပစ္စည်းပြည်ပတင်ပို့မှုမှာ ယခင်နှစ် တင်ပို့မှုအောက် ဝင်ငွေရရှိမှုလျော့နည်းသွားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရေထွက်ပစ္စည်း မက်ထရစ်တန်ချိန်ပေါင်း ၆၇၈၃ ဒသမ ဝ၇ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၄၁၄ သန်းသာ ရရှိထားခြင်းဖြစ်ကာ ယခင်နှစ်ကာလတူတင်ပို့မှုအောက် အမေရိကန်ဒေါ်လာသန်း ၅၀ ကျော် လျော့နည်းနေခြင်းဖြစ်သည်။

တင်ပို့ငွေအမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်တွင် ကဏန်း၊ ငါးရှဉ့်နှင့် ရေချိုငါးများ အများဆုံးတင်ပို့နိုင်ခြင်းဖြစ်သည်။

“အခုက ငါးမဖမ်းရရာသီလည်း ပိတ်ထားတဲ့အတွက် ကုန်ကြမ်းလိုသလောက် မရတာလည်းပါတယ်။ ပြီးတော့ ဆော်ဒီကလည်း ငါးတင်သွင်းခွင့် ရပ်ထားတဲ့အတွက် ဒါတွေကြောင့် သိသိသာသာလျော့သွားတာပါ”ဟု ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် ဦးတင်လှက ပြောကြားသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီဖြစ်သည့်အတွက် ငါး၊ ပုစွန် သယံဇာတများထိန်းသိမ်းရန် မေလ ၁၆ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ သုံးလတာငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားသဖြင့် ကုန်ကြမ်းရရှိမှုနည်းပါးခြင်းတို့ကြောင့် ပြည်ပတင်ပို့မှု လျော့နည်းသွားခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမှ မွေးမြူရေးငါးဖြစ်သည့် ငါးမြစ်ချင်းအများဆုံးတင်ပို့သည့် ဆော်ဒီအာရေဗျနိုင်ငံကလည်း မြန်မာနိုင်ငံမှ ငါးတင်သွင်းမှုကို ဧပြီလ ၁ ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားပြီး တစ်နှစ်လျှင် ဆော်ဒီနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်း ၄၀ ဖိုးအထိ တိုက်ရိုက်တင်ပို့မှုရှိကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

ငါးမဖမ်းရကာလ သတ်မှတ်ထားသည့်အတွက် ငါး၊ ပုစွန်အအေးခန်းများ အနေနှင့် မြန်မာနိုင်ငံအတွင်း ငါး၊ ပုစွန် ကုန်ကြမ်းရှားပါးသောကြောင့် အခြားနိုင်ငံများမှ ငါး၊ ပုစွန်ကုန်ကြမ်းများ ပြန်လည်တင်သွင်း၍ လက်ခစားစနစ်ဖြင့် ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ကာ ပြန်လည်တင်ပို့သည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး ငါးမဖမ်းရသတ်မှတ်ကာလပြီးဆုံးပါက ပြည်ပတင်ပို့မှု ပြန်လည်မြင့်တက်လာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ 

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပြည်ပသို့ရေထွက်ပစ္စည်းတင်ပို့မှုမှ နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၇၁၁ ဒသမ ၇၁၇ သန်း စံချိန်တင်ရရှိခဲ့သည်။

J-11


  • VIA