News

POST TYPE

BUSINESS

ကားအရောင်းစင်တာ ၂၉ ခုကို ဖျက်သိမ်းမည်ဟု သတိပေးခံရ
13-Aug-2018



ရန်ကုန်၊ ဩဂုတ် ၁၂

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာသည့် ကားအရောင်းစင်တာ ၂၉ ခုသည် ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ရက် ၃၀ အတွင်း လာရောက်မဖြေရှင်းပါက မှတ်ပုံတင်ပယ်ဖျက်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကော်မတီက သတိပေးချက်ထုတ်ပြန်သည်။

ကားအရောင်းစင်တာများကို လိုက်လံစစ်ဆေးခဲ့ရာတွင် အရောင်းစင်တာ ၂၉ ခုသည် တင်သွင်းထားသည့် မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်းကိစ္စ၊ အခွန်ပေးဆောင်ခြင်းနှင့် သက်ဆိုင်သောကိစ္စများ နှင့်ပတ်သက်၍ ယခုကြေညာချက် ထုတ်ပြန်သည့်ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း လာရောက်ဖြေရှင်းရန်နှင့် မရှင်းလင်းပါက ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များအားလုံးကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ပယ်ဖျက်ခြင်း၊ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်ပယ်ဖျက်ခြင်း၊ မော်တော်ယာဉ် တင်သွင်းရောင်းချခွင့်ပြုလက်မှတ် ပယ်ဖျက်ခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီများသည် ကားအရောင်းအဝယ် ကျဆင်းခြင်းကြောင့် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်း မရှိတော့သည့်အပြင် အခွန်ဆောင်ခြင်းကိစ္စများကိုပါ ပျက်ကွက်သည်အထိ ဖြစ်ပေါ်လာရကြောင်း အရောင်းစင်တာပိုင်ရှင်များက သုံးသပ်ပြောကြားသည်။

“အဲဒီပိုင်ရှင်တွေကို ဆက်သွယ်လို့ မရဘူးလို့ကြားတယ်။ အမှန်တကယ်တော့ ပိုင်ရှင်တွေကိုဆက်သွယ်ပြီး သူတို့ဘက်မှာ ဘာအခက်အခဲတွေရှိလဲဆိုတာကို မေးသင့်တယ်။ တွေ့ဆုံညှိနှိုင်းခြင်းက အကောင်းဆုံးပါပဲ”ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်စွာက ပြောဆိုသည်။

ထိုအရောင်းစင်တာ ၂၉ ခုကို အရေးယူမည်ဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် လုပ်ငန်းရှင်များအသင်း (ရန်ကုန်) သို့ ကနဦးစာထုတ်၍ သတိပေးထားသည်ကို ယင်းကုမ္ပဏီများက သွားရောက်ရှင်းလင်းခြင်းမပြုသဖြင့် ယခုအခါ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အတိအလင်းကြေညာချက်ထုတ်ပြန်၍ သတိပေးလိုက်ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။

S-04