News

POST TYPE

BUSINESS

ချောက်၌ အခွန်ကြွေးကျန်မှ ကျပ်တစ်သန်းရရှိ
10-Aug-2018
ချောက်၊ ဩဂုတ် ၉

မကွေးတိုင်း ချောက်မြို့ အခွန်ဦးစီးဌာနတွင် ၂၀၁၈ ခုနှစ်အတွင်း ပုံမှန်အခွန်ထမ်း ဦးရေလျော့နည်းသွားသော်လည်း ယခင်နှစ်က အခွန်ကြွေးကျန် ကျပ်တစ်သန်း ရရှိကြောင်း ယင်းဌာနထံမှသိရသည်။

“မနှစ်က အခွန်လာမဆောင်ခဲ့တဲ့ သူတွေရှိတယ်။ သူတို့ တစ်နှစ်အတွင်း မသွင်းဘူး။ အဲဒီလူတွေက ဒီနှစ်မှာ ကျွန်တော်တို့ ကောက်ခံတဲ့အတွက် သွင်းတာတွေရှိတယ်။ တချို့ နှစ်ဟောင်းကြွေးတွေ သွင်းတာလည်းရှိတယ်”ဟု ချောက်မြို့ အခွန်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်ခိုင်က ပြောဆိုသည်။

၂၀၁၇ ခုနှစ် ဧပြီမှ ဇူလိုင်အထိ ပုံမှန်အခွန်ထမ်းဦးရေ ၈၉၃ ဦးမှ ဝင်ငွေခွန် ကောက်ခံရရှိမှု ကျပ် ၆၅ သန်းကျော်ရှိခဲ့ပြီး ယခုနှစ် ယင်းကာလတူအတွင်း အခွန်ထမ်းဦးရေ ၈၅၉ ဦးမှ အခွန်ကျပ် ၆၆ သန်း ရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ယခုနှစ် ကြားကာလဘတ်ဂျက်နှစ် ဧပြီမှ စက်တင်ဘာလအထိ အခွန်ကောက်ခံရန် လျာထားချက်မှာ ကျပ် ၁၂၂ သန်းဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့အထိ ကျပ် ၇၃ သန်းကောက်ခံရရှိပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ချောက်မြို့၏ အခွန်ကောက်ခံရန် လျာထားချက်ပမာဏမှာ ကျပ် ၄၄၂ သန်း ဖြစ်သော်လည်း ၄၈၈ သန်းအထိ ကောက်ခံရရှိခဲ့ကြောင်း ချောက်မြို့အခွန်ဦးစီးဌာနထံမှ သိရသည်။ 

R-24


  • VIA