News

POST TYPE

BUSINESS

ရေဘေးကြောင့်ပျက်စီးသည့် မိုးစပါးစိုက်ဧက ခုနစ်သောင်းခွဲကျော် ပြန်လည်စိုက်ပျိုးပြီး
09-Aug-2018



ရန်ကုန်၊ ဩဂုတ် ၈

ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများထဲမှ စိုက်ဧကပေါင်း ခုနစ်သောင်းခြောက်ထောင်ကျော်ကို ပြန်လည်စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေတက်ခြင်း၊ ဒီရေထောက်ခြင်းတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် သီးနှံစိုက်ခင်းများ ရေလွှမ်း၍ ဩဂုတ်လ ၃ ရက်နေ့အထိ မိုးစပါးစိုက်ဧကပေါင်း တစ်သိန်းနှစ်သောင်းခန့် ထိခိုက်ပျက်စီးခဲ့ပြီး ခုနစ်သောင်းခြောက်ထောင်ကျော် ပြန်လည်စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ အရန်မျိုးစပါး တင်း ခုနစ်သောင်းလောက် ရှိပါတယ်။ တစ်ဧကကို မျိုးစပါးတစ်တင်းနှုန်းနဲ့ ထောက်ပံ့ပေးမှာပါ။ လိုရင်လည်း ကျွန်တော်တို့ဆီက မျိုးစပါးအဖွဲ့တွေဆီက ယူလို့ရပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။ 

ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးနစ်မြုပ်မှု ဒဏ်ကို အများဆုံးခံစားခဲ့ရခြင်းဖြစ်ပြီး ပျက်စီးသွားသည့် စပါးစိုက်ဧကများ အချိန်မီ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် သက်လျင်စပါးနှံကောက်မျိုး မျိုးသန့်မျိုးစေ့များကို တင်းတစ်ထောင်စီ ထောက်ပံ့ပေးပို့ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း၊ နှမ်း၊ ပဲစင်းငုံ၊ ကြံနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ဧကပေါင်း ခုနစ်သိန်းခွဲကျော် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ပြီး မိုးစပါးများကို အောက်တိုဘာလအထိ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ 

သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးသည့် သီးနှံစိုက်ခင်းများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန် လိုအပ်သည့်သီးနှံမျိုးစေ့နှင့် နည်းပညာအထောက်အပံ့များနှင့် မြေပြင်ထွန်ယက်ရေး လိုအပ်ချက်များကို စက်မှုလယ်ယာဦးစီးဌာနက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းဦးစီးဌာနထံမှသိရသည်။ 

J-11