News

POST TYPE

BUSINESS

စတော့ရှယ်ယာ အရောင်းအဝယ်လုပ်သူများကို အကြံပေးမည့် ကုမ္ပဏီတစ်ခုကို စတင်လုပ်ကိုင်ခွင့်ပြု
09-Aug-2018

ရန်ကုန်၊ ဩဂုတ် ၈

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများကို အရောင်းအဝယ်လုပ်ဆောင်လိုသူများနှင့် ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဝန်ဆောင်မှုကုမ္ပဏီကို စတင်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးကုမ္ပဏီများကို ရန်ကုန်စတော့အိတ်ချိန်း စတင်ချိန်ကတည်းက ခွင့်ပြုပေးရမည်ဖြစ်သော်လည်း လာရောက်လျှောက်ထားကြသော ကုမ္ပဏီများသည် သတ်မှတ်ထားသော အရည်အချင်းမပြည့်မီခြင်းနှင့် အဆိုပါကုမ္ပဏီများက စတော့ဈေးကွက်အခြေအနေကို စောင့်ကြည့်နေမှုများကြောင့်ဖြစ်ကြောင်း၊ ယခုအခါတွင် ကုမ္ပဏီဥပဒေအသစ်အရ နိုင်ငံခြားသားများလည်း ရှယ်ယာများ အရောင်းအဝယ်လုပ်ဆောင်နိုင်တော့မည်ဖြစ်ခြင်းကြောင့် အကြံပေးကုမ္ပဏီများကို စတင်ခွင့်ပြုပေးခြင်းဖြစ်ကြောင်း SECM ၏အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။

ယခု ပထမဦးဆုံးလုပ်ငန်းလိုင်စင် ရရှိသွားသောကုမ္ပဏီသည် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်တွင်းကုမ္ပဏီ အေ့စ်အင်ဗက်စ်မန်အက်ဗိုက်စရီ (ACE Investment Advisory) ဖြစ်ပြီး ယင်းကုမ္ပဏီအနေနှင့် တစ်ဦးချင်း ရှယ်ယာအရောင်းအဝယ်လုပ်ဆောင်သူများကို အကြံပေးဝန်ဆောင်မှုပေးခြင်းထက် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကို အဓိကဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အရင်က ဒီကုမ္ပဏီတွေက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြတယ်။ အခုက ကုမ္ပဏီဥပဒေအသစ်အရ နိုင်ငံခြားသားတွေပါ ပါဝင်ခွင့်ရလာမှာဆိုတော့ ဈေးကွက်ပိုမိုဖွံ့ ဖြိုးရေးအတွက် ဒီကုမ္ပဏီတွေက လိုအပ်လာမှာဖြစ်တဲ့အတွက် စခွင့်ပြုတာ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ငွေချေးသက်သေခံလက်မှတ်ရင်းနှီးမြှုပ်နှံမှုအတွက် အကြံဉာဏ်ပေးခြင်းလုပ်ငန်း လုပ်ကိုင်လိုသည့်အတွက် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ၂၈ ခုအထိ လာရောက် လျှောက်ထားခဲ့ပြီး ကုမ္ပဏီ ၁၁ ခုကို တွေ့ဆုံစစ်ဆေးမှု ပြုလုပ်ထားပြီးဖြစ်သော်လည်း အရည်အချင်းသတ်မှတ်ချက်များ မပြည့်မီသေးသောကြောင့် ယခုကုမ္ပဏီတစ်ခုသာ ခွင့်ပြုပေးထားသေးကြောင်း SECM ထံမှ သိရသည်။

“သူတို့က ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေကို ဆွဲဆောင်ပေးမှာဖြစ်တဲ့အတွက် စတော့ဈေးကွက် ဖွံ့ဖြိုးဖို့အတွက် တစ်စိတ်တစ်ပိုင်းလောက်အထိ အထောက်အကူပြုနိုင်မှာပါ”ဟု ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။

J-01