News

POST TYPE

BUSINESS

မြန်မာ- အိန္ဒိယ နယ်စပ်ကမ္ဘာလှည့် ဝင်ပေါက်ဂိတ်နှစ်ခု ယနေ့စဖွင့်
07-Aug-2018
ကလေး၊ ဩဂုတ် ၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်တို့တွင် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်နှစ်ခုကို ဩဂုတ်လ ၈ ရက်နေ့မှစ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များကို တမူးမြို့တွင် မြန်မာ- အိန္ဒိယ နယ်စပ်တံတား နံပါတ်(၁) ဂိတ်အနီးတွင် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီခန့်၌ဖွင့်လှစ်မည်ဖြစ်ကာ ရိခေါဒါရ်မြို့တွင်လည်း ယင်းအချိန်နှင့်တစ်ပြိုင်နက် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရိခေါဒါရ်နှင့် တမူးမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ 

“စဖွင့်တဲ့နေ့မှာပဲ နှစ်နိုင်ငံ ဝင်ထွက် သွားလာခွင့် ပြုလုပ်လို့ရမှာဖြစ်ပါတယ်”ဟု ရိခေါဒါရ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင့်လမ်းခိုင်က ပြောဆိုသည်။

တမူး- မိုးရေးနှင့် ရိခေါဒါရ်- ဇိုခွါသာ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် ဖွင့်လှစ်ပြီးပါက သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့် e-Visa ပါရှိသော မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံ သံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့် e-Visa ရှိသော အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား မဟုတ်သည့် အခြားနိုင်ငံသားများသည် မြန်မာနိုင်ငံသို့လည်းကောင်း ဝင်ထွက်သွားလာနိုင်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများထံမှ သိရသည်။

ယင်းအပြင်နယ်စပ်ဒေသတွင် နေထိုင်သူ မြန်မာနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် နယ်စပ်မျဉ်းမှ ၁၆ ကီလိုမီတာ အကွာအဝေးအထိ တစ်ကြိမ်လျှင် ၁၃ ညအိပ် ၁၄ ရက်ကြာသည်အထိ ဝင်ထွက်သွား လာနိုင်မည်ဖြစ်သည်။

“တမူးမှာနေကြတဲ့သူတွေက အိန္ဒိယနိုင်ငံထဲက အင်ဖာမှာ ဆေးသွားကုချင်ကြတဲ့သူတွေရှိတယ်။ အဲဒါအတွက်က သွားရလာရလွယ်ကူမှာ။ ပြီးတော့ နန်းဖာလုံဈေးကလည်း တစ်ဖက်နိုင်ငံထဲအထိ သွားပြီးတော့ ကုန်သွယ်မှုကိစ္စလေးတွေလည်း လုပ်လာနိုင်မှာဖြစ်လို့ ကုန်သွယ်မှုကိစ္စလည်း အဆင်ပြေလာမယ်။ အခုလို လုပ်လိုက်တော့ အင်ဖာနဲ့ မိုရေးကြား လုံခြုံရေးတိုးမြှင့်တာတွေ လုပ်လာမှာဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှု ပိုမြန်လာမယ်”ဟု တမူးမြို့ခံ ဦးယဉ်ကိုဦးက သုံးသပ် ပြောဆိုသည်။

R-20