News

POST TYPE

BUSINESS

ထိုင်းနိုင်ငံမှ အနှိမ်ခံ ငါးဖမ်းလုပ်သားများ
07-Aug-2018


ထိုင်းနိုင်ငံတွင် အဓမ္မအခိုင်းခံ လုပ်သားများ၏အရေးကို အများဆုံးတွေ့ရသည့် နေရာမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင်ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထိုအရေးကို ကမ္ဘာသိအောင် အကြိမ်ကြိမ်အော်နေသည့်အပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ဥရောပ ပါလီမန်တွင် ၁၅ မိနစ်စာ ရုပ်ရှင်တိုတစ်ခုကိုတင်ပြပြီး ထိုင်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြခဲ့သည်။

ထို့ပြင် စာမျက်နှာ ၁၃၄ မျက်နှာပါသည့် “Hidden Chains: Rights Abuses and Forced Labor in Thailand’s Fishing Industry” စာတမ်းကိုပါ တစ်ပါတည်း တင်သွင်းခဲ့သည်။ ထိုစာတမ်းတွင် အရှေ့အာရှ အိမ်နီးချင်းနိုင်ငံများမှ ငါးလုပ်ငန်းများသို့ အတင်းအဓမ္မမည်သို့ခေါ်ဆောင်ပြီး ခိုင်းစေခြင်းများကို ဖော်ပြထားသည်။ အလုပ်သမားများကို အနားမပေးခိုင်းစေခြင်း၊ လုပ်အားခများကို အချိန်မီမပေးခြင်း၊ သတ်မှတ်ထားသည့် လုပ်ခလာစာများထက် လျှော့ပေးခြင်း စသည့်ကိစ္စများကိုလည်း ထိုစာတမ်းတွင် ထည့်သွင်း ဖော်ပြထားသည်။ 

ပြည်ပနိုင်ငံများမှ ရောက်လာကြသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုလုပ်ငန်းများတွင် အများဆုံး ဝင်ရောက်လုပ်ကိုင်နေကြရသော်လည်း ထိုင်းနိုင်ငံက ပြဋ္ဌာန်းပေးထားသည့် ဥပဒေများကို လုံးဝခံစားပိုင်ခွင့် မရှိကြပေ။ ထို့ပြင် နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ၏ ပြဋ္ဌာန်းထားချက်များကိုပါ ခံစားပိုင်ခွင့်မရှိသူများအဖြစ် ရပ်တည်နေကြရရှာသည်။ 

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအပေါ် ပြစ်မှုကျူးလွန်နေသလိုမျိုး လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂအနေနှင့် အဝါကတ်ပြသ ခဲ့ပြီး ဖြစ်ရုံမက၊ ပင်လယ်စာများကို နိုင်ငံခြားသို့တင် ပို့ခြင်းကိုပါ တားမြစ်မည်ဟု သတိပေးခြင်းခံခဲ့ရသည်။ ဥရောပသမဂ္ဂက ထိုင်းနိုင်ငံသည် တရားမဝင်စွာဖြင့် အလုပ်သမားများကို ခိုင်းစေခြင်း၊ မှန်ကန်သည့် အစီရင်ခံစာများ တင်ပြမှုမရှိခြင်း၊ ငါးဖမ်းသည့် နည်းစနစ်များကို ပုံမှန်အစီရင်ခံခြင်း မရှိမှုများကြောင့် အမေရိကန်ပြည်ထောင်စုကလည်း စောင့်ကြည့်စာရင်းထဲ ထည့်သွင်းထားခဲ့သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း အစိုးရအပေါ် ထိုအရေးကိစ္စများကို အလေးထားဆောင်ရွက်ပေးပါရန် အကြိမ်ကြိမ်နှိုးဆော်လျက်ရှိသည်။ 

အစိုးရကလည်း အကြိမ်ကြိမ်ကတိများပေးပြီး ပြုပြင်ပြောင်းလဲနိုး စောင့်စားခဲ့သော်လည်း အရေးယူမှုများ အားနည်းနေသေးကြောင်း တွေ့ရသည်။ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် မည်မျှပင် ဖိအားပေးသည်ဖြစ်စေ ငါးဖမ်းလှေများပေါ်၌ လူအခွင့် အရေးချိုးဖောက်မှုများကို အစိုးရအနေနှင့် တားဆီး နိုင်ခြင်း မရှိသေးဟု ဖော်ပြထားသည်။ ထိုင်းနိုင်ငံ ငါးဖမ်းလုပ်သားများအရေးသည် လေးနှစ်တိုင်ကြာခဲ့ပြီဖြစ်သော်လည်း အခြေအနေက ထူးခြားမှုမရှိခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းသည် လုပ်ခငွေကြေး နည်းနည်းသာ ပေးရသည့် အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားများအပေါ်တွင် နှစ်ပေါင်းများစွာ မှီခိုနေရသည်။ ထိုအလုပ်သမားများကို အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ခေါ်ဆောင်လာကြခြင်းဖြစ်ပြီး၊ ခေါ်လာစဉ်က အခြားအလုပ်အကြောင်း ပြခဲ့သော်လည်း နောက်ဆုံးတွင် ငါးဖမ်းလှေများပေါ်သို့ ထိုးတင်ပေးလိုက်ခြင်း ခံကြရသူများဖြစ်နေသည်။ 

အလုပ်သမားများက သူတို့သည် ပင်လယ်ပြင်ထဲ ရောက်သွားသည်နှင့် ကူရာကယ်ရာမဲ့ဘဝရောက်သွားပြီး အဓမ္မစေခိုင်းမှုကို လိုက်လုပ်ပေးရုံကလွဲပြီး အခြားရွေးချယ်စရာမရှိဟုဆိုကြသည်။ လုပ်ခက မဆိုစလောက် အချိန်က အကန့်အသတ်မရှိ လုပ်ပေးနေရသည့်အပြင် ကပ္ပတိန်ဆိုသူ၏ အဓမ္မနှိပ်စက်ခြင်းကိုပါ ခံရရုံမက ထိုသံသရာ လွတ်ထွက်သွားခြင်းမရှိစေရန် နည်းမျိုးစုံနှင့် ချုပ်နှောင်ထားတတ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားသည်။

မြန်မာနိုင်ငံမှ မင်းဦးဆိုသည့် အလုပ်သမားတစ်ယောက်သည် လှေမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ပြန်ပြောပြသည်မှာ -

“ကျွန်တော် ထွက်ပြေးဖို့ ကြိုးစားရင် ပိုက်ဆံပေးပြီးတော့ ကျွန်တော့်ကို သူ့လူတွေနဲ့ လိုက်ဖမ်းခိုင်းမှာပဲ။ မိရင်သေလုမြောပါးဖြစ်အောင် ရိုက်ပြီး လှေဆီကို ပြန်ပို့ကြလိမ့်မယ်” ဟုဆိုသည်။ 

သို့သော် ထိုင်းနိုင်ငံငါးလုပ်ငန်းအသင်းကမူ ငါးဖမ်းလှေများနှင့် ငါးဖမ်းလုပ်သားများတွင် ဘာပြဿနာမှမရှိကြောင်း၊ မိမိတို့ပင်လယ်စာများကို ဥရောပနှင့် အမေရိကမှ မှာယူစားသုံးနေကြကြောင်း၊ လက်ရှိ အစိုးရက ပြဿနာအားလုံးကို ပြေလည်အောင် ညှိနှိုင်းလုပ်ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ကမ္ဘောဒီးယားနိုင်ငံမှ ချန်ကွန်ကီးဆိုသူသည်လည်း ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ခန့်ရှိသွားပြီဖြစ်သည်။ သူ့ဇနီးဖြစ်သူက ငါးစည်သွပ်လုပ်ငန်းစက်ရုံတွင် အလုပ်လုပ်နေသည်။ သူက တစ်လလျှင် ဘတ် ၁၀၀၀၀ (၂၈၇ ဒေါ်လာ) ခန့်ရသည်။ သို့သော် ထိုငွေများကို တစ်လတစ်ခါ မရှင်းပေးပေ။ သူတို့ကို ထွက်ပြေးမည်စိုးရိမ်သောကြောင့် တစ်နှစ်မှ တစ်ခါပေါင်းပြီး ရှင်းပေးသည်။ 

“သဘောကတော့ဗျာ သူတို့ ပိုက်ဆံမရှင်းပေးမီ ထွက်သွားလို့ကတော့ တစ်ပြားမှကို မရတော့ဘူး။ နေမကောင်းလို့ဖြစ်စေ၊ မိသားစုကိစ္စကြောင့်ဖြစ်စေ ဘာခွင့်ယူလို့မှ မရဘူး။ ထွက်သွားရင် လုပ်ခတွေအားလုံး ဆုံးပြီသာမှတ်” ဟု သူကဆိုသည်။ 

ကွန်ကီးသည် စာချုပ်များတွင် လက်မှတ်ရေးထိုးရခြင်းမျိုးလည်း တစ်ကြိမ်မှ မရှိခဲ့ပေ။ တစ်နေ့လျှင် ၁၃ နာရီမှ ၁၄ နာရီအထိ မနေမနား လုပ်ကိုင်ပေးရသည်။

“လှေပေါ်ဆိုရင် နာရီ ၃၀ လောက်အထိ မအိပ်မနေကို လုပ်ပေးရတာတွေရှိတယ်။ အဲဒီလို လုပ်ပေးမှ နားခွင့်ပေးတယ်”ဟုပြောပြသည်။ 

ငါးစည်သွပ်လုပ်ငန်းတွင် လုပ်နေသည့် သူ့ဇနီးအနေအထားကလည်း သိပ်မကောင်းပေ။ ဇနီးဖြစ်သူ ဆမ်ဖိုးသည် တစ်ရက်မှ ဘတ် ၁၅၀ နှင့် ၃၀၀ ကြားသာရသည်။ 

“လှေတွေက ည ၈ နာရီဆိုရင်ရောက်လာပြီ။ ကျွန်မတို့ မနက် ၂ နာရီထိုးတဲ့အထိ လုပ်ရတယ်။ တစ်ပတ်ကို ၇ ရက် အလုပ်ဆင်းရတယ်။ တစ်ခါတလေ အိပ်ချိန် တောင်မပေးဘူး” ဟု ဆမ်ဖိုးကဆိုသည်။ 

ထိုင်းငါးဖမ်းလုပ်ငန်း၏ ဇာတ်လမ်းများက နားမဆံ့နိုင်လောက်အောင် ကြားရမည်။ ထိုင်းအစိုးရကလည်း နိုင်ငံတကာက အသံများထွက်လာသောကြောင့် အကြမ်းဖက် အဓမ္မခိုင်းစေမှုများကို လျှော့ချနိုင်ရန် ၂၀၁၅ ခုနှစ် ကတည်းက လုပ်ဆောင်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် ပြဿနာတွေက လျော့နည်းသွားသည် မရှိကြောင်း လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများတွင် လာရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားအများစုမှာ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများမှ ဆင်းရဲသားများဖြစ်ကြသည်။ အလုပ်သမားတိုင်း နာရီကို အကန့်အသတ်မဲ့ ခိုင်းစေခြင်းခံရမည်ကို သိသိနှင့် ဝင်လုပ်နေကြခြင်းဖြစ်သည်။ သူတို့ဘဝတွေက ထိုအလုပ်ကိုမှ ဝင်မလုပ်လျှင်လည်း အခြားရွေးချယ်စရာ မရှိလောက်အောင် ဘေးကျပ်နံကျပ် ဖြစ်နေကြရရှာသည်။ ရသည့် လုပ်ခလစာကလည်း သတ်မှတ်ထားသည့်အတိုင်းမဟုတ်၊ ထို့ပြင် တစ်နှစ်မှ နှစ်ကြိမ် လစာကို ပေါင်းပြီး ထုတ်ပေးခြင်းကို ခံနေကြရပြန်သည်။

၂၀၁၄ - ၂၀၁၅ ခုနှစ်များတွင် ငါးဖမ်းလုပ်ငန်းများသို့ ဝင်ရောက်လုပ်ကိုင်ရန် ရွှေ့ပြောင်းလုပ်သားများသည် လိမ်လည်လှည့်ဖြားပြီး ခေါ်ဆောင်ခြင်းခံခဲ့ရသည်ဟု AP နှင့် The Guardian သတင်းစာများတွင် ဖော်ထုတ် ရေးသားကြသည်။ လှေပေါ် ရောက်သည်နှင့် ကျွန်တစ်ယောက်လိုဖြစ်သွားပြီး ရိုက်နှက်ခံရသည့်အပြင် သတ်ဖြတ်ခြင်းများကိုပါ ခံကြရသည်။ သေသွားလည်း ပင်လယ်ထဲတွင် အလောင်းကို အစဖျောက်လိုက်ပြီး စာရင်းမရှိသည့် ဘဝကို ရောက်သွားနိုင်သောကြောင့် ငြိမ်ခံနေကြရသည်က များသည်။ 

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သည် ငါးဖမ်းလုပ်သားပေါင်း ၂၄၈ ဦးကို လိုက်လံမေးမြန်းခဲ့သည်။ အများစုမှာ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ အလုပ်သမားများဖြစ်ကြသည်။ ထိုသူများအထဲတွင် ၉၅ ဦးသည် ငါးဖမ်းလုပ်ငန်းကို အဓမ္မပြန်ပေးဆွဲသလို ခေါ်ဆောင်လာခြင်းကြောင့် ရောက်လာကြသူများဖြစ်သည်။ 

ထိုင်းနိုင်ငံမှ NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Issara Institute အဖွဲ့ကလည်း ထိုင်းရေလုပ်ငန်း၏ လူမဆန်သောလုပ်ရပ်များကို ကမ္ဘာသိအောင် ဖွင့်ချပြလျက်ရှိသည်။ အဓိက သူတို့တင်ပြသည့်အထဲတွင်လည်း အလုပ်သမားများသည် အဓမ္မခိုင်းစေခြင်းကို ခံနေရရုံမက လုပ်ခလစာများကို ရသင့်သလောက် မရကြောင်း ဖော်ပြထားသည်။ 

Issara Institute အဖွဲ့ကလည်း အလုပ်သမားများကို လိုက်လံမေးမြန်းပြီး အလုပ်သမား ၇၅ ရာခိုင်နှုန်းခန့်မှာ အကြမ်းဖက်နှိပ်စက်ခိုင်းစေခြင်းများ ခံနေရကြောင်း ထုတ်ပြန်ထားသည်။ မီဒီယာများကလည်း ပင်လယ်ပြင်အတွင်း အကြမ်းဖက်ခံရမှုများ၊ သတ်ဖြတ်မှုများနှင့် ကျွန်ပြုနေမှုများကို ထုတ်ဖော်ရေးသားကြသော်လည်း ထိုင်းနိုင်ငံ အလုပ်သမားပြတ်လပ်မှု အနေအထားကြောင့် အစိုးရကပါ မသိချင်ယောင်ဆောင်နေရော့သလားဟု ထောက်ပြဝေဖန်ခြင်း ပြုနေကြသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် 3D ဟုခေါ်သည့် (dirty, dangerous, demanding) ဆိုသည့် အလုပ်များကို သူတို့နိုင်ငံသားတွေက လုပ်ဆောင်ကြခြင်း မပြုတော့ပေ။ စီးပွားရေးအနေအထားကောင်းလာကြသဖြင့် ဒေသခံနိုင်ငံသားများက နိုင်ငံရပ်ခြားမှ ရွှေ့ပြောင်းလုပ်သားများကို ကျွန်များအဖြစ် သဘောထားပြီး 3D လုပ်ငန်းများတွင် ခိုင်းစေနေကြသည်မှာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများဘဝမှာ သူတို့ နိုင်ငံသားများ မလုပ်ချင်သည့် အလုပ်များကို ကျန်းမာရေး၊ လူမှုရေးအရ ဒုက္ခခံပြီး စားဝတ်နေရေးနှင့် မိသားစုဘဝရပ်တည်ရေးတို့အတွက် မထူးဇာတ်ခင်းကာ လုပ်ဆောင်ပေးနေကြရသည်။ 

၂၀၁၈ ခုနှစ် လေ့လာဆန်းစစ်ချက်များတွင် အရှေ့တောင်အာရှမှ ရွှေ့ပြောင်းလုပ်သားတိုင်းလိုလိုသည် စမတ်ဖုန်းများကို ကိုင်ဆောင်ခွင့်ရလာခြင်းမှာ ထူးခြားချက်တစ်ရပ်ဟုဆိုရမည်။ ထို့ကြောင့် သူတို့ ဒုက္ခရောက်သည့်အခါတွင် Issara Institute လို NGO အဖွဲ့အစည်းများကို လှမ်းအကြောင်းကြားလာကြသည်။ အဖွဲ့ကလည်း အလုပ်သမားများကို အန္တရာယ်ကင်းရာကို ခေါ်ထုတ်ပေးခဲ့သည့် သာဓကများ ရှိခဲ့သည်။ 

ထိုင်းနိုင်ငံတွင် ငါးဖမ်းလုပ်ငန်းများ၌ လုပ်ဆောင်နေကြသည့် အလုပ်သမားပေါင်း ၄၇၄၃၃၄ ဦး ခန့်ရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် သူတို့ကို အတင်းအဓမ္မ ကျွန်ပြုခိုင်းစေနေကြောင်း တိုင်ကြားသည့်အမှုတစ်မှုမှ ရှိမနေခြင်းကလည်း ထူးခြားသည်ဟုဆိုရမည်။ ၂၀၁၅ ခုနှစ်တွင် ဥရောပသမဂ္ဂက ထိုင်းနိုင်ငံ အစိုးရအနေနှင့် ထိုင်းငါးဖမ်းလုပ်သားများအရေးကို ကိုင်တွယ်ပြီး အရေးယူခြင်းမရှိလျှင် ပင်လယ်စာများ တင်သွင်းခြင်းကို ပိတ်ပစ်မည်ဟု ရာဇသံပေးရသည်အထိ ဖြစ်ခဲ့ရသည်။ သို့သော် ထိုင်းအစိုးရဘက်ကလည်း အရေးယူဆောင်ရွက်နေကြောင်းတို့ကို ဟန်ပြသဘောသာ လုပ်ဆောင်ပြခဲ့သည်။

ထိုင်းငါးလုပ်ငန်း စက်ရုံများတွင် စောင့်ကြည့်ပစ္စည်းများ တပ်ဆင်ခြင်းများကို ပြုလုပ်ပေးလာသဖြင့် အဓမ္မနှိပ်စက်မှုများ လျော့နည်းလာသည် ဆိုသော်လည်း ပင်လယ်ပြင်အတွင်းငါးဖမ်းလုပ်ငန်းများကို အရေးယူ ဆောင်ရွက်နိုင်စွမ်း အားနည်းသေးသည်ဟု ဆိုရမည်။ ပြဿနာတစ်ခုမှာ လုပ်ငန်းခွင်ကိုဝင်သည့် အလုပ်သမားတိုင်း၏ အထောက်အထားများနှင့် မှတ်ပုံတင်များကို အလုပ်ရှင်များက သိမ်းထားလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ဘဝက လက်ရှိအလုပ်တွင် ထောင်ကျရသလိုဖြစ်နေရရှာတော့သည်။ 

ပင်လယ်ပြင်တွင် နှိပ်စက်မှုတွေကရော လျော့နည်းနေပြီလား။ မြန်မာ အလုပ်သမားတစ်ဦးဖြစ်သည့် ဇင်မင်းသက်က -

“နှိပ်စက်ကြပါတယ်။ ကျွန်တော်ဆိုရင် ပင်ပန်းလွန်းလို့ လဲကျသွားတဲ့အထိ ဖြစ်သွားဖူးတယ်။ ဒါပေမဲ့ သူတို့က ဆွဲထူပြီး ဆက်လုပ်ခိုင်းခဲ့တယ်”ဟု ဆိုသည်။ သူ့ကို ယခုအခါ အန္တရာယ်ဘေးမှ ကယ်တင်ထားရသည်။

ကျော်ဗလ

(Ref: Reuters, CNBC, DW, Telegraph, Human Rights Watch)