News

POST TYPE

BUSINESS

အစိုးရကို လာဘ်မထိုးရန် ကုမ္ပဏီများကို သတိပေး
ရန်ကုန်၊ ဩဂုတ် ၆

မြန်မာနိုင်ငံတွင် တည်ထောင်ထားသော ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများအနေနှင့် လုပ်ငန်းဆောင်ရွက်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့များကိုလည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍအတွင်းရှိ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ အချင်းချင်းလည်းကောင်း အဂတိလိုက်စားမှုများ မပြုလုပ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ ခုနှစ်နှင့်အညီ တည်ထောင်ထားရှိသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနများကို လက်ဆောင်၊ ဧည့်ဝတ်ကျေပွန်မှုနှင့် ဖျော်ဖြေမှုများအပြင် ခရီးသွားလာခြင်းများအတွက် ငွေကြေးပေးအပ်ခြင်းနှင့် ပံ့ပိုးမှုပေးအပ်ခြင်း၊ လူမှုရေးကိစ္စရပ်များနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများအတွက် လှူဒါန်းမှုများ မပြုလုပ်ကြရန် ယင်းသတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လုပ်ငန်းများချောမွေ့စေရန်နှင့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများတွင် ဝန်ထမ်းများ ခန့်အပ်ရာတွင်လည်း ဆက်စပ်အဖွဲ့အစည်းများအကြားတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ငွေကြေးပေးအပ်ခြင်းများနှင့် ပံ့ပိုးမှုပေးအပ်ခြင်းများ လုပ်ဆောင်၍မရကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

“DICA ကတော့ အဂတိလိုက်စားမှုကို ကာကွယ်ဖို့အတွက် ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေအနေနဲ့ ထုတ်ပြန်ပေးတာ။ အဂတိလိုက်စားမှုတွေ ဖြစ်လာရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမှာ”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် တည်ထောင်ထားသော ပြည်တွင်း ပြည်ပ ကုမ္ပဏီများနှင့် စီးပွားရေး အဖွဲ့အစည်းများအနေနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးကျင့်ဝတ်များကို လေးစားလိုက်နာပြီး စီးပွားရေးဝန်းကျင်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများသည် ကုမ္ပဏီဥပဒေအသစ်အရ ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ပြီး ကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ခြင်းကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ ခြောက်လအကြာ အချိန်သတ်မှတ်ပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယခု အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်းများ မလုပ်ဆောင်မီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနတွင် ပြည်တွင်းကုမ္ပဏီပေါင်း လေးသောင်းကျော်နှင့် နိုင်ငံခြားကုမ္ပဏီ လေးထောင်ကျော်က ကုမ္ပဏီမှတ်ပုံတင်ထားကြောင်း အဆိုပါဌာနထံမှ သိရသည်။

J-01