News

POST TYPE

BUSINESS

ဒေါ်လာဈေး မြင့်တက်ခြင်းကို မထိန်းကျောင်းသည့်အတွက် ဗဟိုဘဏ်ကို ကျွမ်းကျင်သူများ ဝေဖန်
03-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၃

အမေရိကန် ဒေါ်လာ လဲလှယ်နှုန်း ထားမြင့်တက်ခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထိန်းကျောင်းခြင်း မရှိဘဲ ၎င်း၏ ဒေါ်လာ သတ်မှတ်နှုန်းများ လိုက်ပါ မြှင့်တင်နေခြင်းကို ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ဝေဖန် ပြောကြားသည်။

“ပြည်သူတွေ အကျိုး ရှိစေမယ့် အာဏာဆိုရင် တာဝန်ရှိသူတွေက သုံးသင့်ရင် သုံးရမှာပဲလေ။ အခုဟာက သူက မထိန်းကျောင်းဘဲနဲ့ လိုက်စီးမျောနေတာကြီးက မဖြစ်သင့်ပါဘူး”ဟု ငွေကြေး မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဦးသန်းလွင်က ပြောဆိုသည်။
 
လက်ရှိ၌ ဒေါ်လာဈေး မြင့်တက်မှုသည် ပြည်တွင်း ငွေကြေး ဈေးကွက်၏ အန္တရာယ်ရှိ အဆင့်သို့ ရောက်ရှိလာမည့် အခြေအနေ ရှိပြီး ယခု ဈေးထက် မြင့်တက်လာမည်ဆိုပါက ဗဟိုဘဏ် အနေနှင့် ထိန်းချုပ်ရန် ပိုမို ခက်ခဲသွားမည် ဖြစ်သည့်အတွက် အချိန် မလွန်မီ ထိန်းချုပ်သင့်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

“ဗဟိုဘဏ်ဘက်က စဉ်းစားမယ်ဆိုရင်တော့ သူတက်သင့်တဲ့ ပမာဏအတိုင်း တက်နေတာလား၊ တက်သင့်တဲ့ ပမာဏထက် ပိုတက်နေတာလား ဆိုတာတော့ ဗဟိုဘဏ်က ထိန်းကျောင်းဖို့ လိုတာပေါ့။ တစ်ခု သိတာက ဗဟိုဘဏ်ရဲ့ လှုပ်ရှားမှု၊ ပါဝင် ပတ်သက်မှုကို ကျွန်တော်တို့က မတွေ့ရဘူး”ဟု ဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေး ဦးရဲမင်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် ကုန်ပစ္စည်း အများစုသည် ပြည်ပမှ သွင်းကုန်များ ဖြစ်သည့်အတွက် ဒေါ်လာဈေး တက်ခြင်းကြောင့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ လိုက်ပါ မြင့်တက်ခြင်းကို ကြုံတွေ့ရကြောင်း စီးပွားရေး လုပ်ငန်းများက ပြောဆိုသည်။

ဗဟိုဘဏ်၏ ဒေါ်လာလဲနှုန်း သတ်မှတ်ချက်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က တစ်ဒေါ်လာလျှင် ကျပ် ၁၂၅ဝ မှ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၂၅၅ ကျပ်သို့လည်းကောင်း၊ ထို့နောက် အောက်တိုဘာ ၃ ရက်နေ့သို့ ရောက်ရှိချိန်တွင် တစ်ဒေါ်လာလျှင် ၁၂၅၈ ကျပ်သို့လည်းကောင်း တဖြည်းဖြည်း မြင့်တက်လာပြီး ပြင်ပ ဒေါ်လာဈေးကွက် အတွင်း၌လည်း တစ်ဒေါ်လာလျှင် ဝယ် ဈေး ၁၂၇၁ ကျပ်၊ ရောင်းဈေး ၁၂၇၄ ကျပ်သို့ ရောက်ရှိနေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။


  • VIA