News

POST TYPE

BUSINESS

ရန်ကုန်စတော့အိတ်ချိန်း၌ နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူခွင့် အောက်တိုဘာလခန့်မှသာ စနိုင်မည်
ရန်ကုန်၊ ဩဂုတ် ၁ 

ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်ပြီဖြစ်သော မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်အရ နိုင်ငံခြားသားများသည် ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာဝယ်ယူနိုင်မည်ဖြစ်သော်လည်း ယင်းအစီအစဉ်ကို လာမည့်အောက်တိုဘာလခန့်မှသာ စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်း (YSX) ထံမှ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ နိုင်ငံခြားသားများ ရှယ်ယာအရောင်းအဝယ် စတင်နိုင်မည်ဖြစ်သော်လည်း စာရင်းဝင်ကုမ္ပဏီများ၊ ရန်ကုန်စတော့အိတ်ချိန်း၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) နှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများ (Securities) တွင် စည်းမျဉ်းစည်းကမ်းများနှင့် ကုမ္ပဏီပိုင်းဆိုင်ရာများ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ခြင်းကြောင့် လတ်တလောတွင် နိုင်ငံခြားသားများ ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း YSX ၏ အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။

“အခုက ဥပဒေအသစ်အရ နိုင်ငံခြားသားတွေ ဝယ်ယူနိုင်ဖို့အတွက် YSX ဘက်ရော၊ ကုမ္ပဏီတွေဘက်မှာရောက ပြင်ဆင်စရာတွေရှိတော့ တစ်လနှစ်လအတွင်းတော့ စရမှာပါ”ဟု ၎င်းက ပြောဆိုသည်။

စာရင်းဝင်ကုမ္ပဏီအချို့ကလည်း ကုမ္ပဏီဥပဒေအသစ်အရ အများပိုင်ကုမ္ပဏီများနှင့် ပတ်သက်သည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ ကုမ္ပဏီအား ပြန်လည်မှတ်ပုံတင်ခြင်းနှင့် ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းအား ပြင်ဆင်ရေးဆွဲခြင်း (ဥပဒေနှင့်အညီ ဆောင်ရွက်ရန်ရှိသည်များ) များ ဆောင်ရွက်ရန်ရှိသဖြင့် ယင်းကာလအတွင်း နိုင်ငံခြားသားများအနေနှင့် ကုမ္ပဏီ၏ အစုရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်နိုင်မည်မဟုတ်သေးကြောင်း ထုတ်ပြန်ထားသည်။ 

လက်ရှိအချိန်တွင် ရန်ကုန် စတော့အိတ်ချိန်းဈေးကွက်၌ ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်သူအရေအတွက် နည်းပါးလျက်ရှိပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပါက ဈေးကွက် ပိုမိုသွက်လာနိုင်ကြောင်း စတော့ရှယ်ယာ အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောကြားသည်။

“စာရင်းဝင်ကုမ္ပဏီတွေအတွက်လည်း လုပ်ငန်းတွေတိုးချဲ့ဖို့ လိုအပ်တဲ့အရင်းအနှီးတွေကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကနေ ရနိုင်တယ်”ဟု ၎င်းက ဆိုသည်။

J-01