News

POST TYPE

BUSINESS

ပြည်ပကုမ္ပဏီများကို လက်လီလက်ကား ရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်စည်များ သတ်မှတ်
31-Jul-2018



ရန်ကုန်၊ ဇူလိုင် ၃၀

နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစပ်ဆောင်ရွက်သည့် ကုမ္ပဏီများ ပြည်တွင်း၌ လက်လီလက်ကား ရောင်းချရာတွင် ခွင့်ပြုသည့် ဦးစားပေးကုန်စည်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်လိုက်သည်။

ဦးစားပေးကုန်စည်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများတွင် မီးဖိုချောင်သုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်း၊ ဆေးရုံသုံးကိရိယာများ၊ အနုပညာပစ္စည်းများ၊ တူရိယာပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းအမျိုးအစား ၂၄ မျိုးကို ဦးစားပေးရောင်းဝယ်ခွင့်ပြုခြင်းဖြစ်သည်။

“အခုလို ပြည်တွင်းလက်လီလက် ကားလုပ်ငန်း ဈေးကွက်အတွင်းကို ပြည်ပနိုင်ငံတွေက နာမည်ကြီးကုမ္ပဏီတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံရင် ပြည်တွင်းက SME လုပ်ငန်းတွေ့ရဲ့ ထုတ်ကုန်တွေအနေနဲ့ ကုမ္ပဏီတွေကတစ်ဆင့် ပြည်ပဈေးကွက်တွေကို တိုးချဲ့တင်ပို့နိုင်မယ့် အလားအလာရှိပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ဦးစားပေးသတ်မှတ်ကုန်စည်များ ရောင်းချရာတွင် ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်၍ ဦးစားပေးရောင်းချရမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းရောင်းချရာတွင်လည်း ကုန်ပစ္စည်းအလိုက် ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကာ လက်လီလက်ကားရောင်း ဝယ်ခွင့်တွင် ရှေးဟောင်းပစ္စည်းများ မပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်းတွင် လက်လီလက်ကား ရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်း အုပ်စုစာရင်းများကို လိုအပ်ချက်အပေါ် မူတည်၍ ပြန်လည်သုံးသပ်၍ ပြင်ဆင်ထုတ်ပြန်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စားသုံးသူများအပေါ် အမြတ်ထုတ်ခြင်းမရှိစေရန်နှင့် ယှဉ်ပြိုင်မှုတိုးတက်စေရန်အတွက် ပြည်တွင်း လက်လီလက်ကား ရောင်းဝယ်ခြင်းလုပ်ငန်းများတွင် နိုင်ငံခြားသားလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မေလအတွင်းက ကြေညာထားခြင်းဖြစ်သည်။

J-11