News

POST TYPE

BUSINESS

စတော့အိတ်ချိန်း၌ ရှယ်ယာအရောင်းအဝယ် အကျိုးဆောင်ခ လျှော့ချ
ရန်ကုန်၊ ဇူလိုင် ၂၅

ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်ရာတွင် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ (Securities) ကို ပေးဆောင်ရသော အကျိုးဆောင်ခများကို လျှော့ချလိုက်ကြောင်း ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။

ကျပ်ငါးသိန်းမှ ကျပ် ၁၀ သိန်းအထိ ရှယ်ယာအရောင်းအဝယ်အတွက် အကျိုးဆောင်ခကို ၁ ရာခိုင်နှုန်း၊ ကျပ် ၁၀ သိန်းအထက်မှ ကျပ်သိန်း ၁၀၀ အထိကို သုည ဒသမ ၇ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀ အထိကို သုည ဒသမ ၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀၀ အထက်ကျော်ပါက သုည ဒသမ ၄ ရာခိုင်နှုန်း (ကျပ်လေးသိန်းထက် မပိုစေရ) နှုန်းထားများဖြစ်ပြီး ယင်းနှုန်းထားများကို ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ပြောင်းလဲကောက်ခံတော့မည်ဖြစ်ကြောင်း အဆိုပါကော်မရှင်ထံမှသိရသည်။ 

လက်ရှိနှုန်းထားမှာ ကျပ်ငါးသိန်းအောက် ရှယ်ယာအရောင်းအဝယ်လုပ်ဆောင်မှုကို ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်သည့် တစ်ကြိမ်လျှင် ကျပ် ၅၀၀၀ ကောက်ခံခဲ့ပြီး ယင်းနှုန်းထားသည် စာရင်းဝင်ကုမ္ပဏီအချို့၏ အစုရှယ်ယာတစ်စု ဈေးနှုန်းထက် ပိုမိုများပြားနေခြင်းနှင့် စတော့ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံသူများ တိုးတက်လာစေရန်အတွက် အကျိုးဆောင်ခနှုန်းထားများ လျှော့ချရခြင်းဖြစ်ကြောင်း SECM မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သီလဝါတို့၊ TMH တို့ဆိုရင် ရှယ်ယာဈေးနှုန်းက ကျပ်သုံးထောင်ဝန်းကျင်ပဲရှိတာ။ အခုနှုန်းထားသစ်အရ တစ်စု အရောင်းပဲ အရောင်းအဝယ် လုပ်မယ်ဆိုရင်တောင် တစ်ခါအရောင်းအဝယ်လုပ်ရင် ၁ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် သုံးရာ (ကျပ်) လောက်ပဲ ကျတော့မယ်”ဟု ၎င်းက ရှင်း ပြသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်မှုများအတွက် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities) များကို ပေးဆောင်ရသည့် ယခင်အကျိုးဆောင်ခနှုန်းထားများမှာ ကျပ်ငါးသိန်းအောက်ဆိုပါက ကျပ်ငါးထောင်၊ ကျပ်ငါးသိန်းအထက်မှ ကျပ် ၁၀ သိန်းအထိကို ရောင်းဝယ်မှုပမာဏ၏ ၁ ရာခိုင်နှုန်း၊ ကျပ် ၁၀ သိန်းအထက်မှ ကျပ်သိန်း ၁၀၀ အထိကို သုည ဒသမ ၈ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ အထက်မှ သိန်းတစ်ထောင်အထိကို သုည ဒသမ ၆ ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အထက်ကို သုည ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း Securities ကုမ္ပဏီများထံမှသိရသည်။ 

“အခုပြောင်းလဲတဲ့ နှုန်းလောက်ဆိုရင် ဘဏ်ထဲမှာမစုဘဲ ရှယ်ယာလေး ဝယ်ထားချင်တဲ့သူတွေအတွက် အဆင်ပြေလာနိုင်တယ်”ဟု MTSH ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သည့် ဦးသူရမောင်က ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ဈေးနှုန်းအရ FMI က ရှယ်ယာတစ်စု ကျပ် ၁၂၀၀၀၊ MTSH က ကျပ် ၃၃၀၀၊ MCB က ကျပ် ၇၇၀၀၊ FPB က ကျပ် ၂၄၀၀၀ နှင့် TMH ကုမ္ပဏီက ကျပ် ၃၀၀၀ ဖြင့် ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိသည်။

J-01