News

POST TYPE

BUSINESS

ကားတင်သွင်းသူများ ရန်ကုန်၌ဆန္ဒပြ
24-Jul-2018


ရန်ကုန်၊ ဇူလိုင် ၂၄

မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက Delivery Van ယာဉ်များအပေါ် သတ်မှတ်ထားသည့် ဒဏ်ကြေး သတ်မှတ်ချက်ကို မကျေနပ်သည့်အတွက် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်းရှိ တာမွေဟစ်တိုင်၌ ဇူလိုင်လ ၂၄ ရက်နေ့က ယင်းကားတင်သွင်းထားသူ ၅၀ ဦးခန့် ဆန္ဒပြခဲ့ကြသည်။

ကြီး/ကော်က မူလစက်ရုံထုတ် Delivery Van ယာဉ်များမဟုတ်ဘဲ ကွဲလွဲပြီး တင်သွင်းလာသည်ဟုဆိုကာ ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်ရှိ ဆိပ်ကမ်းများနှင့် မြဝတီနယ်စပ်ဂိတ်တို့မှထုတ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရာမှ ယင်းကားများကို အုပ်စုလေးစုခွဲ၍ ဒဏ်ကြေးသတ်မှတ်ချက်များဖြင့် ပြန်လည်ထုတ်ခွင့်ပေးခဲ့ရာတွင် အုပ်စု C အဖြစ် သတ်မှတ်ထားသည့် ကားများ၏ဒဏ်ကြေး (မူလကားတန်ဖိုး၏ လေးပုံတစ်ပုံ) သတ်မှတ်ထားသည်ကို ဖြေလျှော့ပေးရန် အပါအဝင် အချက်ငါးချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“အခုလို ဆန္ဒပြတာကို အစိုးရက သိပြီးတော့ ဝင်ဖြေရှင်းပေးဖို့အတွက်ပါ။ အဲဒီလိုမှမရဘူးဆိုရင်တော့ သက်ဆိုင်ရာဌာနတွေကို ဆက်ပြီးတင်ပြသွားဖို့ ရှိပါတယ်”ဟု ယင်းဆန္ဒပြပွဲ ဦးဆောင်သူ ဦးမြတ်မင်းချစ်က ပြောဆိုသည်။

လက်ရှိ ဒဏ်ကြေးသတ်မှတ်ထားသည့် အုပ်စု C မှ တင်သွင်းထားသည့် Delivery Van အစီးရေသည် ဆိပ်ကမ်းနှင့် မြဝတီနယ်စပ်တို့တွင် ၁၅၀၀ စီးကျော်ရှိပြီး လက်ရှိဒဏ်ကြေးသတ်မှတ်ချက်အရ အုပ်စု C မှ ယာဉ်များတွင် ဒဏ်ကြေး ကျပ် ၁၇ သိန်းခန့်အပြင် ဆိပ်ကမ်းဒဏ်ကြေး ၁၂ သိန်းခန့် ပေးဆောင်ရမည်ဖြစ်ကြောင်း အဆိုပါယာဉ်တင်သွင်းသူများထံမှ သိရသည်။

အဆိုပါယာဉ်များသည် မူလစက်ရုံထုတ်နှင့် ကွဲလွဲနေသည့်အတွက် လက်ရှိ သတ်မှတ်ထားသော အုပ်စု C ကို ဒဏ်ကြေး လေးပုံတစ်ပုံနှင့် D ကို မူလကားတန်ဖိုးအတိုင်း ဒဏ်ကြေးပေးဆောင်ရန် သတ်မှတ်ထားခြင်းကို လျှော့ပေါ့ပေးမည် မဟုတ်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဆန္ဒထုတ်ဖော်သူများသည် အုပ်စု C မှ Delivery Van များသည် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (ကြီး/ကော်) က သတ်မှတ်ထားသည့် အချက် ၄ ချက်နှင့်အညီ တင်သွင်းလာသည့်အတွက် ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရေး၊ အုပ်စု (D)အတွက် ကာစတန်က သတ်မှတ်ထားသည့် ဒဏ်ကြေးနှင့် လူစီး အခွန်သတ်မှတ်ပြီး လူစီးယာဉ်အဖြစ် မှတ်ပုံတင်ပေးရေး၊ လိုသူကိုလျှော့ပေး၊ မလိုသူကိုတင်းကျပ်သည့် သားရေကွင်း ဥပဒေအလိုမရှိ၊ ရန်ကုန်ဆိပ်ကမ်းများတွင် ၅ လခန့် တားဆီးထားသော ကားများအတွက် ဆိပ်ကမ်းထားခ လျှော့ပေးရေး၊ တည်ငြိမ်သော မော်တော်ယာဉ်မူဝါဒ ထုတ်ပြန်ပေးရေးဆိုကာ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ကားတင်သွင်းသူများသည် ဒဏ်ကြေးသတ်မှတ်ခဲ့ပြီးနောက် နေပြည်တော်၌ ဆန္ဒထုတ်ဖော်ရန် နှစ်ကြိမ်နှင့် ရန်ကုန်တွင် တစ်ကြိမ် ဆန္ဒထုတ်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း ကြီး/ကော်ဘက်က ဒဏ်ကြေး သတ်မှတ်ချက်များကို ပြန်လည်ညှိနှိုင်းပေးမည်ဟု ဆိုခဲ့သည့်အတွက် ယခင် ဆန္ဒပြမည့် အစီအစဉ်များကို ရုပ်သိမ်းခဲ့သော်လည်း ယခုအကြိမ်၌ မည်သည့်ညှိနှိုင်းမှုမျှ လုပ်ဆောင်ပေးရန် မရှိတော့သည့်အတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

S-04