News

POST TYPE

BUSINESS

တရုတ်ကုမ္ပဏီနှင့်ပူးပေါင်း၍ ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်
24-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၃

မိုးစပါးရာသီအတွင်း တွံတေးမြို့နယ်ရှိ လယ်မြေရှစ်ဧကပေါ်တွင် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO) နှင့် တရုတ်နိုင်ငံမှ Beijing KangDibao ကုမ္ပဏီတို့ ပူးပေါင်း၍ ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း MAPCO ထံမှ သိရသည်။

တွံတေးမြို့နယ်ရှိ လယ်မြေရှစ်ဧကတွင် ယခုနှစ် မိုးစပါးရာသီအတွင်း တရုတ်နိုင်ငံမှ အထွက်တိုးစပါး ၉ မျိုး၊ ပြည်တွင်း မှ ရက် ၉၀ မျိုးစပါး ၊ ဆင်းသုခစပါး ၂ မျိုး အပါအဝင် စုစုပေါင်းစပါး ၁၁ မျိုးကို စမ်းသပ်စိုက်ပျိုးလျက်ရှိပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း MAPCO ထံမှ သိရသည်။

ယခုစမ်းသပ်စိုက်ပျိုးထုတ်လုပ်သည့် မျိုးစေ့ထုတ်လုပ်ငန်း၏ စီးပွားရေးအရ တွက်ခြေကိုက်မှုအခြေအနေပေါ် မူတည်၍ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့ဆောင်ရွက်သွားရန် နှစ်ဖက်အဖွဲ့အစည်းများ သဘောတူညီထားပြီးဖြစ်ကာ စမ်းသပ်စိုက်ပျိုးမှုအတွက် လိုအပ်သည့်နည်း ပညာနှင့် လုပ်ငန်းသုံးအထောက်အကူပြုပစ္စည်းများကို တရုတ်နိုင်ငံမှ Beijing KangDibao က စီစဉ်ပံ့ပိုးပေးပြီး မြေနေရာနှင့် မျိုးစေ့ထုတ်ပညာရှင်များ၏ နေထိုင်သွားလာရေးကို MAPCO က တာဝန်ယူဆောင်ရွက်ပေးကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ထို့ပြင် MAPCO အနေနှင့် ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ဧကတစ်ရာဖြင့် ဆန်စပါးမျိုးစေ့ထုတ် လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်လျက်ရှိပြီး မျိုးကောင်းမျိုးသန့်ထုတ်လုပ်ငန်းများကို အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်လည်း ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း MAPCO ထံမှ သိရသည်။

J-11