News

POST TYPE

BUSINESS

ပင်လယ်ပြင်တွင် ငါးရက်ကြာမျောနေသည့် ငါးဖမ်းရေလုပ်သား ၁၂ ဦးကို ကယ်ဆယ်
19-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၈

သစ်သားလှေငယ်ဖြင့် ပင်လယ်ပြင်တွင် ငါးရက်ကြာမျောနေသည့် ငါးဖမ်းရေလုပ်သား ၁၂ ဦးကို ဇူလိုင်လ ၇ ရက်က ကယ်ဆယ်ခဲ့ကြောင်း ဇောတိကစီမံကိန်းကို ဆောင်ရွက်နေသည့် PTTEP ကုမ္ပဏီက ဇူလိုင်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ငါးဖမ်းလုပ်သား ၁၂ ဦး သည် မူလရေယာဉ်ပျက်စီး၍ ပင်လယ်ပြင်တွင်မျောနေခြင်းဖြစ်ကာ မုတ္တမပင်လယ်ကွေ့ရှိ ဇောတိကစီမံကိန်း၏ ရေနံတွင်းတူးစင်အနီးတွင် PTTEP ဝန်ထမ်းများက တွေ့ရှိခဲ့၍ ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ကျန်းမာရေးနှင့် အစားအသောက်၊ အဝတ်အထည်များကိုထောက်ပံ့ကာ ခေတ္တနေထိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း PTTEP Myanmar ထံမှ သိရသည်။

ငါးဖမ်းရေလုပ်သားများကို ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင် သာကေတကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းတွင် ကမ်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး မြန်မာအာဏာပိုင်အဖွဲ့ဝင်များထံ အပ်နှံခဲ့ပြီး ၂၀၁၆ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ ပင်လယ်တွင်မျောပါခဲ့သည့် မြန်မာရေလုပ်သား ၇၀ နီးပါးကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။