News

POST TYPE

BUSINESS

ပြည်ပမှ သစ်လုံးတင်သွင်းမှုအခွန်လျှော့ရန် စီစဉ်
18-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၇

မြန်မာနိုင်ငံက ပြည်တွင်းသစ်ထုတ်လုပ်မှုကို လျှော့ချထားခြင်းကြောင့် ပြည်ပနိုင်ငံများမှ သစ်အလုံးလိုက်တင်သွင်းမှုကို အခွန်လျှော့ချရန် စီစဉ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြည်တွင်းတွင် သစ်ထုတ်လုပ်မှု လျှော့ချလိုက်ပြီး ပြည်တွင်းလုပ်ငန်းများအတွက် ကုန်ကြမ်းရှားပါးမှု ဖြေရှင်းနိုင်ရန်အတွက် သစ်လုံးများတင်သွင်းမှုကို အခွန်သုညရာခိုင်နှုန်းအထိ လျှော့ချသွားရန်အတွက် ဆွေးနွေးမှုများရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ပြည်ပနိုင်ငံများမှ သစ်လုံးတင်သွင်းမှုအတွက် အခွန်လျှော့ချမည့် အစီအစဉ်နှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ထုတ်ဖော်မပြောသေးကြောင်း၊ လတ်တလောတွင် တည်ဆဲအကောက်အခွန်ဥပဒေအရ သစ်လုံးတင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်အဖြစ် ၅ ရာခိုင်နှုန်းစီ ကောက်ခံလျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

“ဒါမျိုးတွေက ကျွန်တော်တို့ ကြိုတင်ပြောပြလို့မရဘူး။ လက်ရှိတည်ဆဲအကောက် ခွန်ဥပဒေအရ သစ်လုံးဆိုရင် အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းစီကောက်နေတယ်”ဟု ၎င်းက ဆိုသည်။ 

ယခင်က သစ်ထုတ်လုပ်မှုကို တစ်နှစ်လျှင် ကျွန်းသစ်တန်ချိန် သုံးသိန်းခွဲခန့်နှင့် သစ်မာထုတ်လုပ်မှုကို တန်ချိန် ၁၄ သိန်း မှ ၁၅ သိန်းအထိ အများအပြားထုတ်လုပ်ခဲ့ကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှုကို ကျွန်းသစ်တန်ချိန် တစ်သောင်းနှစ်ထောင်ခန့်နှင့် သစ်မာတန်ချိန် သုံးသိန်းခွဲခန့်သာ ထုတ်လုပ်တော့ကြောင်း မြန်မာ့သစ်လုပ်ငန်းထံမှ သိရသည်။ 

ပြည်ပနိုင်ငံများမှ သစ်အလုံးလိုက် တင်သွင်းမှုကို ခွင့်ပြုပေးထားသော်လည်း လက်ရှိအချိန်ထိ သစ်အလုံးလိုက်တင်သွင်းရန်အတွက် တင်ပြလာသော ကုမ္ပဏီတစ်ခုမျှ မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

J-01


  • VIA