News

POST TYPE

BUSINESS

အလုပ်သမားဥပဒေကြမ်းပါ ပြစ်ဒဏ်များကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်ဟု သုံးသပ်
16-Jul-2018


ရန်ကုန်၊ ဇူလိုင် ၁၅

ဒုတိယအကြိမ်ပြင်ဆင်သည့် ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကြမ်းတွင် ထောင်ဒဏ်ပြစ်ဒဏ်များကို ထည့်သွင်းလိုက်ခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့်သူများအတွက် ရင်းနှီးမြှုပ်နှံမည့်ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်စရာ ဖြစ်စေနိုင်သည်ဟု စီးပွားရေးဆိုင်ရာဥပဒေများ၏ ဝိရောဓိများ စကားဝိုင်းဆွေးနွေးပွဲတွင် သုံးသပ်ပြောဆိုခဲ့ကြကြောင်း ယင်းဆွေးနွေးပွဲ ရလဒ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သည့် “စီးပွားရေးဆိုင်ရာ ဥပဒေများ၏ ဝိရောဓိများ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှု စကားဝိုင်းဆွေးနွေးပွဲ” တွင် အမေရိကအခြေစိုက် TPG Global Investment Firm ကိုယ်စားလှယ် မန်နေဂျင်းဒါရိုက်တာ ဦးသူရကိုကို၊ ဟောင်ကောင်အခြေစိုက် အိတ်ချုပ်စက်ရုံ Wise Pearl Co.,Ltd. ဒါရိုက်တာ Mr.KH Yeung၊ အထည်ချုပ်စက်ရုံ ဒါရိုက်တာ Ms.Celia၊ စင်ကာပူနိုင်ငံမှ Allen and Gledhill ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ ဦးမင်းနိုင်ဦးတို့က ဆွေးနွေးသုံးသပ်ခဲ့ကြခြင်းဖြစ် သည်။ 

ဥပဒေကြမ်းပါ အလုပ်သမားနှင့် အလုပ်ရှင်အကြား အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ လိုက်နာရန်အချက်များကို ဖောက်ဖျက်ပါက မည်သူမဆို အများဆုံး ထောင်ဒဏ်ခြောက်လနှင့် ငွေဒဏ်ကျပ်သိန်းတစ်ရာအထိ တိုးမြှင့်လိုက်ခြင်းသည် အလုပ်သမားဖြစ်စေ၊ အလုပ်ရှင်ဖြစ်စေ အငြင်းပွားမှု ဖြေရှင်းခြင်းဆောင်ရွက်ရန် ကြောက်ရွံ့လာစေနိုင်ပြီး အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများအတွက် ပိုမိုထိခိုက်နိုင်သည်ဟု အထက်ပါပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲရလဒ် ထုတ်ပြန်ချက်အရသိရသည်။

ပြစ်ဒဏ်များ ထည့်သွင်းလိုက်ခြင်းသည် လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးကိုလည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်နိုင်ပြီး အလုပ်သမားများနှင့် အလုပ်ရှင်များအကြား အငြင်းပွားမှုသည် မည်သည့်နိုင်ငံ၊ မည်သည့်လုပ်ငန်းခွင်တွင်မဆို ဖြစ်လေ့ဖြစ်ထရှိကာ အစိုးရအနေနှင့်လည်း အငြင်းပွားမှုဖြေရှင်းရာတွင် မှန်ကန်မျှတစွာဆွေးနွေးဖြေရှင်းပေးနိုင်မည့် ဝန်းကျင်တစ်ခုကို ဖန်တီးပေးသင့်သည်ဟု တိုက်တွန်းခဲ့ကြကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-11