News

POST TYPE

BUSINESS

တရုတ်သို့ မြန်မာ့ငါးတန် စပို့
13-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၂

တရုတ်နိုင်ငံသို့ ဇူလိုင်လမှစတင်၍ မြန်မာ့ရေချိုငါးတန် ကွန်တိန်နာတစ်လုံး စတင်၍တင်ပို့လိုက်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

နောက်ပိုင်းတွင်လည်း တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုက တစ်လလျှင် ငါးတန် ကွန်တိန်နာအလုံး ၃၀ ဝယ်ယူရန်ကမ်းလှမ်းထားပြီး ဇူလိုင်လပထမအပတ်က ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့လိုက်ခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင် ဦးခန့်ဇော်အောင်က ပြောကြားသည်။

“တရုတ်ကို အခုပထမဦးဆုံး ငါးတန် ကွန်တိန်နာတစ်လုံး စပို့လိုက်ပြီဖြစ်ပါတယ်။ တစ်လကိုကွန်တိန်နာအလုံး ၃၀ ဝယ်ဖို့ အော်ဒါမှာထားတာရှိပါတယ်။ အခုဝယ်တဲ့ တရုတ်ကုမ္ပဏီက ငါးတန်ချိန်ကို သိန်းနဲ့ချီဝယ်နေတာပါ။ မြန်မာနိုင်ငံကနေ နောက်ပိုင်းပို့မယ့် လုပ်ငန်းရှင်ကြီးတွေလည်း ရှိပါသေးတယ်”ဟု ၎င်းက ပြောဆိုသည်။

တရုတ်နိုင်ငံသို့ ရေချိုငါးတန် ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့လိုက်သည့်အခါ မြန်မာနိုင်ငံမှတင်ပို့သည့် ဟိုက်ပိုသားမတ်စ် ငါးတန်မျိုးစိတ်သည် တရုတ်နိုင်ငံ၏ FDA ဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် တင်ပို့ရာတွင် အခက်အခဲဖြစ်ပေါ်နေကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။

“ကွန်တိန်နာတစ်လုံး အရင်ဆုံး စပို့လိုက်တာ ပြဿနာတက်တာပဲ။ ဒီကပို့တဲ့ ဟိုက်ပိုသားမတ်စ်မျိုးက တရုတ်ရဲ့ FDA အချက်အလက်ထဲမှာ မရှိဘူး။ သူတို့ အချက်အလက်ထဲမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ငါးတန်မျိုးစိတ်က အဖြူမျိုးဖြစ်နေတယ်။ ဒီမှာမွေးတာက အဖြူမျိုးမဟုတ်ဘူး။ ဒါကြောင့် အစိုးရချင်း မြန်မာနိုင်ငံကမျိုးကို လက်ခံပေးဖို့နဲ့ စာရင်းသွင်းပေးဖို့ ပြောပေးစေချင်ပါတယ်”ဟု မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်လင်းက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် မွေးမြူနေသည့် ငါးတန်သည် ဟိုက်ပိုသားမတ်စ်မျိုးစိတ်ဖြစ်ပြီး ငါးတန်အဖြူမျိုးသည် ကြီးထွားချိန်ကြာမြင့်ခြင်း၊ ရောဂါဖြစ်ပွားနှုန်းများခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်မမွေး မြူတော့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဟိုက်ပိုသားမတ်စ်ငါးတန်မျိုးကိုသာ မွေးမြူသည်ဟု ငါးလုပ်ငန်းဦးစီးဌာနက ထောက်ခံပေးစေလိုကြောင်း ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောဆိုသည်။

“ငါးတန်အဖြူက မွေးတဲ့သက်တမ်းက ရှည်တယ်။ ရောဂါဖြစ်တာလည်း လွယ်တဲ့အတွက်မမွေးကြတာ။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ FDA ဝက်ဘ်ဆိုက်မှာ အခုတင်ပို့မယ့် ဟိုက်ပိုသားမတ်စ်မျိုးရော၊ ငါးတန်အဖြူမျိုးရော နှစ်မျိုးလုံးရှိအောင် လုပ်ပေးရမယ်။ ငါးတန်က အခုမှပထမဆုံး စပို့တာ”ဟု ၎င်းက ဆိုသည်။

J-11