News

POST TYPE

BUSINESS

ဗဟိုဘဏ် ဒေါ်လာ ရည်ညွှန်းနှုန်း တစ်လအတွင်း ၄၅ ကျပ် တက်
01-Oct-2016

ရန်ကုန်၊ စက်တင်ဘာ ၃ဝ

ပြည်တွင်း ဒေါ်လာ ငွေလဲနှုန်းမှာ ယခုနှစ် သြဂုတ်လ နှောင်းပိုင်းမှ စတင်ကာ တရိပ်ရိပ် မြင့်တက်လာပြီး စက်တင်ဘာလ တစ်လအတွင်း ငွေလဲနှုန်း ၄၅ ကျပ် မြင့်တက်သွားကြောင်း ပြည်တွင်း ငွေကြေး ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားငွေ လဲလှယ်မှု ရည်ညွှန်းနှုန်းမှာ ငါးရက်အတွင်း ၂ဝ ကျပ် မြင့်တက်လာပြီး စက်တင်ဘာလ ၃ဝ ရက်နေ့တွင် တစ်ဒေါ်လာ ၁၂၅၅ ကျပ်သို့ ရောက်ရှိလာသည်။

“ကမ္ဘာမှာလည်း ဒေါ်လာဈေးက ကောင်းနေတယ်။ အမေရိကန် ဗဟိုဘဏ်ကလည်း အတိုးနှုန်းမြှင့်ဖို့ လုပ်နေတော့ ဒေါ်လာက အားကောင်းနေတာ။ ပြည်တွင်းမှာလည်း အဝယ်လိုက်လာတယ်”ဟု ပြည်တွင်းရှိ ဝါရင့် ဒေါ်လာ ရောင်းဝယ်သူ တစ်ဦးက ဆိုသည်။

နိုင်ငံတကာတွင် ဒေါ်လာဈေး အညွှန်းကိန်းမှာ ယခုနှစ် မေလနောက်ပိုင်းတွင် ပြန်လည် မြင့်တက်လာပြီး စက်တင်ဘာလတွင် ပိုမို အားကောင်းလာကာ အညွှန်းကိန်း ၁ ဒသမ ၅ ခန့် မြင့်တက်လာကြောင်း Bloomberg မှ ထုတ်ပြန်ထားသော အညွှန်းကိန်းအရ သိရသည်။

ပြင်ပ ဒေါ်လာဈေးကွက်တွင် ယခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ ငွေလဲနှုန်း ၁၂ဝဝ ကျပ်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းတွင် ၁၂၂ဝ ကျပ်မှ တဖြည်းဖြည်း မြင့်တက်လာ စက်တင်ဘာလကုန်တွင် ၁၂၇ဝ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်လာကြောင်း ပြင်ပ ငွေလဲကောင်တာများထံမှ စုံစမ်း သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းနှုန်းအရ မြန်မာကျပ်ငွေ တန်ဖိုးမှာ ရက်ပေါင်း ၅ဝ အတွင်း ၆၈ ကျပ်၊ ရာခိုင်နှုန်းအားဖြင့် ၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

စက်တင်ဘာလ ၃ဝ ရက်နေ့ ဒေါ်လာ ငွေလဲနှုန်းမှာ ဗဟိုဘဏ် ရည်ညွှန်းနှုန်း ၁၂၅၅ ကျပ်၊ ပြည်တွင်း ပုဂ္ဂလိဘဏ်များတွင် ဝယ်ဈေး၁၂၅၈ ကျပ်၊ ရောင်းဈေး ၁၂၆၅ ကျပ်နှင့် ပြင်ပ ငွေလဲကောင်တာများတွင် ဝယ်ဈေး ၁၂၆ဝ ကျပ်၊ ရောင်းဈေး ၁၂၆၈ ကျပ်အထိ ရှိနေသည်။  


  • VIA