News

POST TYPE

BUSINESS

လက်လီလက်ကားလုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည့်အစီအစဉ် ခေတ္တဆိုင်းငံ့
11-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၀

လက်လီလက်ကားလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးမည်ဟု ထုတ်ပြန်ထားပြီးဖြစ်သော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းလုပ်ငန်းရှင်များနှင့် ထပ်မံဆွေးနွေးမှုများ လုပ်ဆောင် မည်ဖြစ်သည့်အတွက် ခေတ္တဆိုင်းငံ့ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် လက်လီလက်ကားလုပ်ငန်းများ၌ နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုပေးမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ပြည်တွင်းလုပ်ငန်းများက ပြန်လည်တင်ပြမှုများ ရှိနေခြင်းကြောင့် ကုန်သည်စက်မှု အသင်းချုပ်အပါအဝင် ပြည်တွင်းလက်လီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အဓိကက လုပ်ငန်းရှင်တွေနဲ့ ပြန်ဆွေးနွေးမယ့်သဘောပါပဲ။ ထုတ်ပြန်ပြီးသား နိုင်ငံခြားကုမ္ပဏီတွေ သတ်မှတ်ချက်တွေကတော့ အများကြီး အပြောင်းအလဲတော့ မရှိနိုင်ဘူး” ဟု ၎င်းကရှင်းပြသည်။

ပြည်တွင်းလက်လီလက်ကားလုပ်ငန်း ဈေးကွက်အတွင်းသို့ ပြည်ပနိုင်ငံများမှ နာမည်ကြီးကုမ္ပဏီများ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာပါက ပြည်တွင်းအသေးစား အလတ်စားလုပ်ငန်းများ၏ ထုတ်ကုန်များသည် ယင်းကုမ္ပဏီများမှတစ်ဆင့် အခြားပြည်ပဈေးကွက်များသို့ ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်မည့် အလားအလာများရှိကြောင်း ၎င်းကပြောဆိုသည်။

ပြီးခဲ့သည့်မေလအတွင်း၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းလက်လီလက်ကားလုပ်ငန်းဈေးကွက်သို့ နိုင်ငံခြားသားပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစပ်ထားသည့် ဖက်စပ်ကုမ္ပဏီများကို အကန့်အသတ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်စတင်ခွင့်ပြုလိုက်သည်။

အဆိုပါခွင့်ပြုချက်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သောလုပ်ငန်းများသည် လက်လီလုပ်ငန်းလုပ်ကိုင်ပါက မြေငှားရမ်းခမပါဝင်ဘဲ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း၊ လက်ကားလုပ်ငန်းလုပ်ကိုင်ပါက အမေရိကန်ဒေါ်လာ ငါးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည့်အပြင် စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် ဆူပါမားကက်အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး Convenience စတိုးဆိုင်လေးများကို ဖွင့်ခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းလက်လီလက်ကားလုပ်ငန်းဈေးကွက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည်အစီအစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

“လက်လီလက်ကားလုပ်ငန်းတွေမှာ နိုင်ငံခြားကုမ္ပဏီတွေခွင့်ပြုဖို့ကိစ္စက စီး/ကူး က ပြန်လည်ပြင်ဆင်နေတာ လုပ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

လတ်တလောတွင် ပြည်တွင်းလက်လီဈေးကွက်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ကုမ္ပဏီများက လာရောက်စုံစမ်းမှုများရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-01