News

POST TYPE

BUSINESS

မြန်မာ့စီးပွားရေး လုပ်ငန်းများ စွမ်းရည်မြှင့်ရန် ဗြိတိန်က ပေါင် ၂၅ သန်း ထောက်ပံ့မည်
01-Oct-2016
ရန်ကုန်၊ စက်တင်ဘာ ၃ဝ

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်နှင့် ဝင်ငွေ မြင့်မားလာစေရေး စီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဗြိတိန်က မြန်မာနိုင်ငံကို စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖ့ွံဖြိုး တိုးတက်ရေးဌာန (DFID) က ထုတ်ပြန် ကြေညာသည်။

ဓနအစီအစဉ်ဟု အမည် ပေးထားသော အဆိုပါ အကူအညီပေးရေး အစီအစဉ်သည် စုစုပေါင်း ငါးနှစ်တာ ကြာမြင့်မည် ဖြစ်ပြီး စီမံကိန်း ကာလအတွင်း အလုပ်အကိုင်နှင့် ဝင်ငွေမြင့်မား လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူဝါဒ ချမှတ်ခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများ ကြီးထွားလာစေရေး စသည့် ကဏ္ဍများတွင် အကူအညီ ပေးမည်ဖြစ်ကြောင်း DFID ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကျေးလက်ဒေသများ၌ ငွေကြေး ဝန်ဆောင်မှု ပိုမို ကျယ်ပြန့် လာစေရေးနှင့် ကုန်သွယ်မှု တိုးတက်စေရန်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းများတွင် အမျိုးသမီးနှင့် အခြား ခွဲခြား ခံထားရသော အုပ်စုများ ပိုမို ပါဝင် လုပ်ကိုင်နိုင်ရန် ဓနအစီအစဉ်က ကူညီပံ့ပိုးမည်ဟု ဆိုထားသည်။

အဆိုပါ ဓနအစီအစဉ်ကို ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည် ဖော်မည်ဖြစ်သည်။



  • VIA