News

POST TYPE

BUSINESS

ပြည်ပမှဝင်ရောက်သည့် တရားမဝင်ကုန်စည်များ ထိရောက်စွာတားဆီးရန် တောင်းဆို
10-Jul-2018

ရန်ကုန်၊ ဇူလိုင် ၉

ပြည်တွင်းဈေးကွက် မထိခိုက်စေရန်အတွက် ပြည်ပမှ အာလူး၊ ပန်းမျိုးစုံစသည့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များ တရားမဝင်ကုန်သွယ်မှုဖြင့် ဝင်ရောက်နေမှုကို ထိရောက်စွာတားဆီးပေးရန် အစိုးရထံတင်ပြထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ပြည်ပမှ ကုန်ပစ္စည်းများကို ပြည်တွင်းဈေးကွက်သို့ အလွယ်တကူတင်သွင်းလာပြီး ကုန်တိုက်များမှ လက်ကားဖြန့်ဖြူး ရောင်းချခြင်းကြောင့် ပြည်တွင်းမှထုတ်လုပ်သည့် စက်မှုလက်မှုလုပ်ငန်းများကို ထိခိုက်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့ကျနိုင်သည့်အပြင် ငွေကြေးလဲလှယ်နှုန်း မြင့်တက်လာခြင်းနှင့် ပို့ကုန်၊ သွင်းကုန်ပမာဏ ကွာဟခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နိုင်သဖြင့် လျော့ကျအောင်ဆောင်ရွက်ပေးရန် ထည့်သွင်းတင်ပြထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောကြားသည်။

ထို့ပြင် ပြည်ပမှဝင်ရောက်သည့် အာလူး၊ ပန်းမျိုးစုံစသည့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များ တရားမဝင် ဝင်ရောက်နေမှုအပေါ် ထိရောက်စွာ တားဆီးပေးနိုင်ရန်အတွက် အပင်ပိုးမွှား၊ ရောဂါနှင့် သီးနှံကာကွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများ ချမှတ်ပေးရန်နှင့် ကုန်ထုတ်လုပ်ငန်းများအနေနှင့် ကုန်ချောတင်သွင်းသူများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ကုန်ချောတင်သွင်းမှုဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပေးရန် ထည့်သွင်းတင်ပြထားကြောင်း ယင်းအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောဆိုသည်။

“အခွန်ဆိုင်ရာကိစ္စတွေကြောင့် တချို့လုပ်ငန်းတွေဆို ပိတ်သိမ်းရမယ့် အနေအထားရှိတယ်။ ဆပ်ပြာမှုန့်ထုတ် စက်ရုံဆိုရင် ပြည်တွင်းမှာ စက်ရုံငါးရုံလောက်ရှိရာကနေ တစ်ရုံပဲကျန်တော့တယ်။ ဆပ်ပြာမှုန့်တွေဆို နိုင်ငံခြားကနေပဲ ဝင်တော့တယ်။ အခွန်အကောက် ဥပဒေအသစ်မှာ အခွန်နှုန်းတွေ လျှော့တာ၊ တိုးတာတို့နဲ့ မကောက်သင့်တာတို့ကို ဆွေးနွေးတင်ပြတာပါ”ဟု ၎င်းက ဆိုသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ပြဋ္ဌာန်းရန်ရှိသည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် သွင်းကုန်အစားထိုး ထုတ်လုပ်မှုလုပ်ငန်းများနှင့် ပြည်ပပို့ကုန်ထုတ်လုပ်နေသည့် လုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးရန်နှင့် ယင်းလုပ်ငန်းများကို ဝင်ငွေအလွှာအလိုက် ဝင်ငွေခွန်နှုန်းထားများ သတ်မှတ်ပေးရေးတို့ကို ဆောင်ရွက်ပေးရန် ထည့်သွင်းတင်ပြထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

J-11