News

POST TYPE

BUSINESS

အွန်လိုင်းကုန်ပစ္စည်း ရောင်းသည့်လုပ်ငန်းများအတွက် ဥပဒေပြဋ္ဌာန်းပေးရန် အစိုးရထံတင်ပြ
08-Jul-2018 tagged as

ရန်ကုန်၊ ဇူလိုင် ၈

စားသုံးသူများအနေနှင့် အွန်လိုင်းပေါ်တွင် ဝယ်ယူသည့်ပစ္စည်းများ ရောင်းမှား၊ ဝယ်မှား ဖြစ်ပေါ်ပါက နောက်ကြောင်းပြန် စုံစမ်း၍မရသဖြင့် အွန်လိုင်းပေါ်တွင် ရောင်းချသည့်လုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ တိကျစွာ ပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းက အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း ယင်းအသင်းထံမှ သိရသည်။

လက်ရှိတွင် အထိန်းအကွပ် မရှိသည့် အွန်လိုင်း အရောင်းအဝယ် လုပ်ငန်းများကြောင့် အွန်လိုင်းပေါ်တွင် ကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းများအနေနှင့် မှတ်ပုံတင်စနစ်ကို သေချာစွာ ပြုလုပ်ရန်လိုအပ်ပြီး စားသုံးသူများပေါ်တွင် အကျိုးသက်ရောက်လာမည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများ၌ အွန်လိုင်းပေါ်တွင်ရောင်းချသည့် ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို တိကျရှင်းလင်းစွာ ဖော်ပြပေးရန်တောင်းဆိုထားကြောင်း လက်လီရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောကြားသည်။

ထို့ပြင် Copy Right, Distributor Right များနှင့် ပတ်သက်သည့်ဥပဒေ၊ နည်းဥပဒေများတွင်လည်း အွန်လိုင်းကုန်ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းစွာ ဖော်ပြပေးရန်၊အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ငွေစက္ကူ အကြွေများ ရှားပါးနေမှုကြောင့် ဗဟိုဘဏ်အနေနှင့် ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်၊ ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်များကို လုံလောက်သည့် ပမာဏအထိ
ထုတ်ဝေပေးရန်စသည့် အချက်များကို ထည့်သွင်းတင်ပြထားကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းထံမှ သိရသည်။

“လက်လီရောင်းဝယ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးချက်တွေ၊ အကြံပြုချက်တွေက ကောင်းမွန်ပါတယ်။ ဒါပေမဲ့ တစ်ခြမ်းပဲ ဖြစ်နေတယ်လို့ ခံစားရတယ်။ တစ်ခြမ်းပဲဆိုတာ အပြစ်ရယ်၊ အကြံပြုချက်ရယ်ပဲ ဖြစ်နေတယ်။ ကောင်းတာရော မရှိဘူးလားလို့ မေးစရာဖြစ်နေတယ်။ လုပ်ငန်းတိုင်းဟာ ဆိုးမွေရော၊ ကောင်းမွေရော ရှိနိုင်ပါတယ်”ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောဆိုသည်။

အွန်လိုင်း၌ရောင်းချသည့် ကုန်ပစ္စည်းများကို မှတ်ပုံတင် အသေအချာ ပြုလုပ်၍ အသေးစိတ်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ထုတ်ပေးသင့်ကြောင်း Shop.com.mm မှ ပြင်ပဆက်ဆံရေး မန်နေဂျာ ဒေါ်ခင်သက်နန္ဒဇော်က ပြောကြားသည်။

“အဓိကက စားသောက်ကုန်တွေ၊ အလှကုန်ပစ္စည်းတွေက တိုက်ရိုက်ထိတွေ့နေတာဆိုတော့ ပါဝင်ပစ္စည်းတွေက မကောင်းတာတွေ ဖြစ်နိုင်တဲ့အတွက် အရည်အသွေး မီတာတွေပဲ ရောင်းစေချင်တယ်။ အစိုးရဘက်ကလည်း ဒီကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပညာပေးသင့်တယ်လို့မြင်တယ်”ဟု၎င်းကဆိုသည်။

J-11

  • TAGS