News

POST TYPE

BUSINESS

ဗီယက်နမ်မှ အေးခဲဝက်သား တင်သွင်းမှု အစိုးရစစ်ဆေးမည်
ရန်ကုန်၊ ဇူလိုင် ၃

ဗီယက်နမ်နိုင်ငံမှ ပြည်တွင်းကုမ္ပဏီ တစ်ခုသို့ မေလကုန်ပိုင်းက အေးခဲဝက်သားများ တိုက်ရိုက်တင်သွင်းမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အရေးယူမှုများပြုလုပ်နိုင်ရန် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

ဗီယက်နမ်ကုမ္ပဏီ Mavin Group က ပြည်တွင်းကုမ္ပဏီတစ်ခုသို့ မေလကုန်ပိုင်းက ပထမအသုတ်အဖြစ် အေးခဲဝက်သား တန်ချိန် ၂၆ တန်ခန့်ကို တိုက်ရိုက်တင်သွင်းလာခြင်းဖြစ်ပြီး ထပ်မံ၍လည်း အေးခဲဝက်သားများကို ပေ ၄၀ ကွန်တိန်နာဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဆက်လက်တင်သွင်းရန် ပြင်ဆင်လျက်ရှိသည်ဟု Mavin Group ဥက္ကဋ္ဌ Mr.David John Whitehead က ပြောဆိုထားကြောင်း ဗီယက်နမ်အခြေစိုက် သတင်းများတွင် ဖော်ပြထားသည်။

“ပြည်ပက အသားတွေတင်သွင်းရင် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကို ဖြတ်ပေးရမယ်။ မွေး/ကုရဲ့ စစ်ဆေးထောက်ခံချက်နဲ့သာ ဒီဘက်က ပေးသွင်းတာရှိတယ်။ အေးခဲဝက်သားကို လောလောဆယ် ဟိုတယ်တွေအတွက်လောက်ကလွဲပြီး ကုန်သွယ်မှုအပိုင်းမှာ ခွင့်ပြုထားတာမရှိဘူး။ ဒါကြောင့် အခုလိုတင်သွင်းတာကို ပြန်စိစစ်မယ်”ဟု ဦးရန်နိုင်ထွန်းက ပြောဆိုသည်။ 

စီးပွား။ကူးသန်း ဝန်ကြီးဌာနအနေနှင့် မွေး/ကုဦးစီးဌာန၏ စစ်ဆေးထောက်ခံချက်ပါရှိမှသာ တင်သွင်းခွင့်ပြုခြင်းဖြစ်ပြီး ကုန်သွယ်မှုအပိုင်းတွင် တရားဝင်တင်သွင်းခွင့်ပြုထားခြင်း မရှိကြောင်း၊ ယင်းတင်သွင်းမှုနှင့်ပတ်သက်၍လည်း စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါအေးခဲဝက်သားများ တင်သွင်းမှုနှင့်ပတ်သက်၍ ပြည်တွင်းဝက်မွေးမြူရေးလုပ်ငန်းရှင်များ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဝက်မွေးမြူသူများအနေနှင့် ဘုံသဘောထားကြေညာချက်ထုတ်ပြန်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံ ဇူလိုင်လ ပထမအပတ်အတွင်း ကန့်ကွက်စာပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးထွန်းက ပြောကြားသည်။

“အေးခဲဝက်သားသွင်းတာ မွေး/ကု ကိုလည်းမဖြတ်ဘူး။ အသားစစ်ဆေးရေး အဖွဲ့ကိုလည်း မဖြတ်ဘဲနဲ့ သွင်းလာတာ။ ပြည်တွင်းထုတ်လုပ်မှု လုံလောက်ရဲ့သားနဲ့ ပြည်ပကသွင်းတာ ပြည်တွင်းထုတ်လုပ်သူတွေ ပြိုလဲနိုင်တယ်။ မွေးမြူရေးသမားတွေအနေနဲ့ ရှိတဲ့ခွန်အားနဲ့ သွားနေတဲ့အချိန်မှာ ဒီလိုတင်သွင်းတာတွေကို အစိုးရက တားမြစ်ပေးသင့်တယ်”ဟု ၎င်းက ပြောဆိုသည်။

ပြည်ပမှ အေးခဲဝက်သားတင်သွင်းမှုကို တားဆီးပေးရန် ဇွန်လ ၃၀ ရက်နေ့က ဝက်မွေးမြူသူများ အရေးပေါ်အစည်းအဝေးကို နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင်ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဘုံသဘောထားထုတ်ပြန်၍ ကန့်ကွက်စာတင်ပြရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

J-11