News

POST TYPE

BUSINESS

စိုက်ပျိုးရေးနှင့် စက်မှုကုန်ထုတ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စား


ရန်ကုန်၊ ဇူလိုင် ၂

တရုတ်စီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရှိ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုကုန်ထုတ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အဓိကစိတ်ဝင်စားလျက်ရှိကြောင်း မြန်မာသို့ လာရောက်လေ့လာသည့် ကိုယ်စားလှယ်အဖွဲ့က ပြောကြားသည်။

“မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်လေ့လာတာပါ။ အဓိကကတော့ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနဲ့ စက်မှုအပိုင်းတို့ကို အဓိကလေ့လာတယ်။ ရင်းနှီးမြှုပ်နှံဖို့လည်း ပိုစိတ်ဝင်စားပါတယ်။ နောက်ပိုင်း ရင်းနှီးမြှုပ်နှံတဲ့အပိုင်းကို ကုန်သည်စက်မှုအသင်းချုပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု Dezhou Chamber of International Commerce Ouú| Li Lianjun က ပြောဆိုသည်။

မြန်မာနိုင်ငံမှ စီးပွားရေးမိတ်ဖက်များ ရှာဖွေရန်အတွက် တရုတ်နိုင်ငံ၊ Shandong Dezhou မြို့တော်ဝန် Mr.Chen Fei ဦးဆောင်၍ စီးပွားရေးကိုယ်စားလှယ် ၁၈ ဦးပါဝင်သည့် အဖွဲ့သည် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ လာရောက်၍ “China (Dezhou) Myanmar Economic Trade and Investment Cooperation Seminar” ဆွေးနွေးပွဲနှင့် နှစ်နိုင်ငံလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဇူလိုင် ၂ ရက်နေ့က ရန်ကုန်မြို့ Pan Pacific ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ 

တရုတ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် စားသောက်ကုန်လုပ်ငန်း၊ အိမ်သုံးပစ္စည်းအလှဆင်လုပ်ငန်း၊ စက်နှင့်စက်ပစ္စည်း ကိရိယာထုတ်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ စိုက်ပျိုးရေး စက်ကိရိယာလုပ်ငန်း၊ ဝါနှင့်ရက်လုပ်သည့် ချည်မျှင်လုပ်ငန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အထောက်အကူပြုပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ ဆေးဝါးနှင့် နည်းပညာလုပ်ငန်းများမှ လုပ်ငန်းရှင်များပါဝင်ပြီး နှစ်နိုင်ငံလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

“ရင်းနှီးမြှုပ်နှံသူတွေက စက်မှုထုတ်ကုန်အပိုင်းကို ပိုစိတ်ဝင်စားတဲ့ အလားအလာရှိတယ်။ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှာလည်း တရုတ်က ထိပ်ဆုံးမှာ ဦးဆောင်နေတယ်။ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့လည်းရှိတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က ပြောကြားသည်။

တရုတ်- မြန်မာ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုများပြုလုပ်ရာတွင် ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်က ပို့ကုန်အမေရိကန်ဒေါ်လာ ၄၅၉၆ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၆၃၉၅ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ပို့ကုန်အမေရိကန်ဒေါ်လာ ၅၀၅၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၇၄၉ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၂၅ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၂၉၀ သန်းဖိုး ကုန်သွယ်မှုများပြုလုပ်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

“တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ လာရောက်လုပ်ကိုင်ဖို့လည်း ဖိတ်ကြားပါတယ်။ လိုအပ်တာတွေကို အသင်းချုပ်က ကူညီဆောင်ရွက်ပေးပါ့မယ်”ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောဆိုသည်။

J-11