News

POST TYPE

BUSINESS

ငါးမြစ်ချင်း ဈေးကျ
02-Jul-2018


ရန်ကုန်၊ ဇူလိုင် ၁

မွေးမြူရေးငါးဖြစ်သည့် ငါးမြစ်ချင်း အထွက်နှုန်းများပြားလာသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကျဆင်းခြင်းအပြင် ပြည်တွင်းစားသုံးမှု လျော့နည်းလာခြင်းကြောင့် ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ခန့်အထိ ဈေးလျော့ကျသွားကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဇွန်လပထမပတ်က ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၃၁၀၀ ခန့်အထိ ဈေးရရှိသော်လည်း ဇွန်လနောက်ဆုံး အပတ်မှစ၍ ကျပ် ၂၆၀၀ ခန့်အထိ ဈေးကျဆင်းသွားခြင်းဖြစ်ကြောင်း ကြည့်မြင်တိုင်စံပြငါးဈေးမှ ငါးဒိုင်လုပ်ငန်းရှင် ဦးဆန်းထိုက်က ပြောကြားသည်။

“ငါးမြစ်ချင်းတွေက ဧရာဝတီတိုင်းဘက်က မြင်မကောင်းအောင်ဝင်တယ်။ ဈေးတွေက သိသိသာသာကျသွားတယ်။ ပြည်တွင်းဈေးကွက်က နည်းနည်းပဲစားကြတယ်။ ဆော်ဒီကလည်း ဧပြီလကစပြီး တင်သွင်းမှုရပ်လိုက်တဲ့အတွက် ကုန်သည်တွေ အဝယ်နည်းတာပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အများဆုံးမွေးမြူသည့် မွေးမြူရေးငါး ငါးမြစ်ချင်းဈေးနှုန်း ကျဆင်းသွားခြင်းမှာ ပြည်တွင်းစားသုံးမှု လျော့ကျသည့်အပြင် ဆော်ဒီအာရေဗျနိုင်ငံမှလည်း ဧပြီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ ငါးတင်သွင်းမှုကို ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ဆော်ဒီသို့ မွေးမြူရေးငါးဖြစ်သည့် ငါးမြစ်ချင်းကို အများဆုံးတင်ပို့နေခြင်းဖြစ်ကာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုးအထိ တိုက်ရိုက်တင်ပို့မှုရှိကြောင်း ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။ 

“ငါးမြစ်ချင်း အကောင်သေး တစ်ပိဿာကို (ကျပ်) ၂၀၀၀ ပတ်ဝန်းကျင်ပဲ ရတော့တယ်။ တစ်ပိဿာ၊ နှစ်ပိဿာအကောင်တွေဆို ၂၅၀၀ ဝန်းကျင်လောက် ရတာပေါ့။ ဒါက အအေးခန်းတွေကိုသွင်းတဲ့ ဈေးနဲ့ ဒိုင်တွေကနေရောင်းပေးတဲ့ဈေးပါ။ လက်လီဈေးကွက်မှာတော့ သယ်ယူစရိတ်တွေနဲ့ဆိုတော့ တစ်ပိဿာကို ၄၀၀၀ လောက်ရောင်းကြတာပေါ့”ဟု ရေထွက်ပစ္စည်း ပို့ကုန်အသင်း အလုပ်အမှုဆောင် ဦးတင်လှက ပြောကြားသည်။

ဆော်ဒီအာရေဗျနိုင်ငံက မြန်မာ့ငါးတင်သွင်းမှုကို ရပ်ဆိုင်းလိုက်သည့်အတွက် မြန်မာ-ဆော်ဒီ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အစိုးရထံ တောင်းဆိုထားသည်။ 

“နိုင်ငံတစ်နိုင်ငံက ကုန်သွယ်မှုကို ရပ်လိုက်ရင်ပြန်ဖွင့်ဖို့က တော်တော်ခက်တယ်။ အခုဈေးကွက်ထဲမှာ ဆိုက်ကြီးငါးတွေ ဈေးပြိုပြီး ကျဆင်းနေတယ်။ ငါးမဖမ်းရကာလဖြစ်တဲ့အတွက် ပင်လယ်ငါးလည်း မရှိ၊ အင်းအိုင်ငါးလည်းမရှိဘဲ ဒီငါးပဲစားစရာရှိလို့ ထိန်းထားနိုင်တာ။ ဒီအတိုင်းသာ သွားလို့ကတော့ သီတင်းကျွတ်၊ တန်ဆောင်မုန်း ပင်လယ်ငါးတွေပြန်ဖွင့်လိုက်ရင် မွေးမြူရေးငါးတွေ ပိုဆိုးမယ့် အနေအထားရှိတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောဆိုသည်။

J-11


  • VIA