News

POST TYPE

BUSINESS

ဘဏ်များကို ဗဟိုဘဏ် ခေါ်တွေ့ပြီးနောက် ဒေါ်လာဈေးကျ
30-Jun-2018

ရန်ကုန်၊ ဇွန် ၃၀

စံချိန်တင် ဈေးနှုန်းအထိ မြင့်တက်ခဲ့သော အမေရိကန် ဒေါ်လာဈေးနှုန်းသည် ဇွန်လ ၂၉ ရက်နေ့က ပုဂ္ဂလိက ဘဏ်များနှင့် ပြည်တွင်း၌ ဖွင့်ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်များကို ဗဟိုဘဏ်က ခေါ်ယူတွေ့ဆုံပြီးနောက် ဒေါ်လာဈေးနှုန်းများ ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ထိုတွေ့ဆုံပွဲတွင် ဗဟိုဘဏ်က ဒေါ်လာဈေး မြင့်တက်နေရခြင်း အကြောင်းအရင်းနှင့် မည်သို့လုပ်ဆောင်ပါက ဒေါ်လာဈေး ကျဆင်းနိုင်ကြောင်းတို့ကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ဗဟိုဘဏ်ဘက်က ဒေါ်လာဈေး ကျဆင်းစေရန် မည်သို့ လုပ်ဆောင်ပေးမည်ကို ပြောကြားခဲ့ခြင်း မရှိကြောင်း ယင်းပွဲကို တက်ရောက်ခဲ့သည့် ပုဂ္ဂလိကဘဏ်အချို့၏ တာဝန်ရှိသူများထံမှ သိရသည်။

“ဘဏ်တွေဘက်ကတော့ ဗဟိုဘဏ်ကနေ ဒေါ်လာ ထုတ်ရောင်းပေးမယ်ဆိုရင်တော့ အခုဒေါ်လာဈေး ကျနိုင်တယ်လို့ အကြံပြုကြတယ်။ ဒါပေမဲ့ သူတို့ဘက်က ဘာမှတုံ့ပြန်လာတာမျိုး မရှိခဲ့ဘူး”ဟု မြန်မာအရှေ့တိုင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အမေရိကန် ဒေါ်လာဈေးသည် ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၁၄၀၅ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ တစ်ဒေါ်လာလျှင် ၁၃၈၆ ကျပ်သို့ ပြန်လည် ကျဆင်းလာပြီး ပုဂ္ဂလိကဘဏ်များတွင်လည်း တစ်ဒေါ်လာလျှင် ၁၄၀၅ ကျပ်မှ ၁၄၀၀ ကျပ်သို့ ပြန်လည်ကျဆင်းသွားကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04