News

POST TYPE

BUSINESS

နေပြည်တော်ကျောက်မျက်ပွဲ ကျောက်စိမ်း ဈေးကောင်းမရ
29-Jun-2018



ရန်ကုန်၊ ဇွန် ၂၈

နေပြည်တော်၌ ဇွန်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ရောင်းအားကောင်းသော်လည်း ယခင်ပြပွဲများနှင့်နှိုင်းယှဉ်ပါက ဈေးအရနည်းကြောင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြပွဲစတင်သည့်နေ့မှ လက်ရှိအချိန်အထိ ကျောက်စိမ်းအတွဲပေါင်း ၄၆၀၀ ခန့်ကို ပြသခဲ့ရာ အတွဲပေါင်း ၃၅၀၀ ကျော် ရောင်းချခဲ့ရပြီး ယူရိုငွေသန်း ၂၅၀ ကျော် ရရှိခဲ့ပြီး ယင်းဈေးနှုန်းသည် မျှော်မှန်းထားသည့် ဈေးနှုန်းတစ်ခုမဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျောက်က အရည်ကိုကြည့်ပြီး ဈေးသတ်မှတ်တာဖြစ်တဲ့အတွက် အရည်ကောင်းလေ ဈေးကောင်းလေ။ အခုက သူ့ဟာနဲ့သူ အရည်အသွေးရှိပါတယ်။ အရမ်းကောင်းတာမဟုတ်တော့ ဈေးက ထင်သလောက်မရတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ယခင်ကျောက်မျက်ပြပွဲများတွင် ကျောက်စိမ်းအတွဲပေါင်း ၃၀၀၀ ခန့် ရောင်းချရပြီး ယူရိုသန်း ၃၀၀ နီးပါး ဈေးရခဲ့သည့်အတွက် ယခုပြပွဲမှာ အရေအတွက်အရ ရောင်းအားကောင်းနေခြင်းဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင် ဦသောင်းထွန်းက ပြောကြားသည်။

“အဓိကကတော့ လေလံဈေးပေါ့။ ပစ္စည်းကောင်းရင် ကုန်သည်တွေက အပြိုင်အဆိုင် လေလံပစ်ပြီးပေးမှာပါ။ လေလံဈေးက ကြမ်းခင်းဈေးထက် အများကြီးပိုပေးဝယ်တာမျိုး နည်းလို့လည်း ဈေးမရတာဖြစ်လာတာပါ”ဟု ၎င်းက ဆိုသည်။

ကျောက်မျက်ပြပွဲတွင် တရုတ်ကုန်သည်များက ယခင်နှစ်ထက် တစ်ထောင်ကျော် ပိုမိုတက်ရောက်လာသည့်အတွက် ကျောက်စိမ်းဝယ်လိုအား များလာခြင်းဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များမှာ တရုတ်ကုန်သည်များနှင့် ကျောက်စိမ်း အချောထည်ဈေးကွက်ကို မယှဉ်နိုင်သောကြောင့် ကျောက်စိမ်းအတွဲများကို ဈေးကောင်း ပေးမဝယ်နိုင်ကြောင်း ကျောက်စိမ်းကုန်သည် ဦးကောင်းခန့်က ပြောကြားသည်။

ယခုပြပွဲသို့ ထိုင်း၊ ကနေဒါ၊ ဩစတြေးလျနှင့် အမေရိကတို့မှ ရတနာကုန်သည်များ လာရောက်လျက်ရှိပြီး ပြည်တွင်းရတနာကုန်သည် ၁၂၀၀ ကျော်၊ ပြည်ပ ရတနာကုန်သည် ၃၀၀၀ ကျော် တက်ရောက်ခဲ့သည်။

J-13

  • VIA