News

POST TYPE

BUSINESS

ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ၏ အတည်ပြုချက်ယူရာ၌ အချိန်တစ်ခုသတ်မှတ်မည်
28-Jun-2018

ရန်ကုန်၊ ဇွန် ၂၇

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများထံမှ အတည်ပြုချက်ရယူရာတွင် ကြန့်ကြာမှုမရှိစေရန် ဘယ်နှရက်အတွင်း အပြီးဆောင်ရွက်ရမည်ဟူသည့် အချိန်ကိုသတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

လတ်တလောတွင် အချို့သောလုပ်ငန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းခွင့်ပြုမိန့်ရပြီးသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ရယူရာတွင် ကြန့်ကြာမှုရှိကြောင်း၊ ယင်းကဲ့သို့အခက်အခဲများကို နိုင်ငံခြားကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံသည့်အခါ ထောက်ပြမှုများရှိသောကြောင့် အချိန်သတ်မှတ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါနဲ့ပတ်သက်ပြီး အစိုးရဆီတင်ပြဖို့ ပြင်နေပါတယ်။ အစိုးရက သဘောတူတယ်ဆိုရင် ဝန်ကြီးဌာနအားလုံးက MIC ခွင့်ပြုတဲ့လုပ်ငန်းတွေကို သူတို့ဆီ ဆက်သွယ်လုပ်ကိုင်တဲ့နေရာမှာ ဘယ်နှရက်အတွင်းပြီးမယ်၊ ဘယ်လောက်ကုန်မယ်၊ ဘယ်လောက်ကြာမယ်ဆိုတာကို တိတိကျကျသတ်မှတ်ပြဋ္ဌာန်းပြီး လုပ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက စစ်ဆေးမည့် စံနှုန်းသတ်မှတ်ချက်များကို တင်ပေးထားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်မည့် လုပ်ငန်းရှင်များအနေနှင့် ကြိုတင်ပြင်ဆင်နိုင်ကြောင်း ယင်းဌာနထံမှသိရသည်။

ယခုလမှ စတင်ကာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြောင်းလဲသွားပြီး ဥက္ကဋ္ဌအသစ်က ရင်းနှီးမြှုပ်နှံမှုများ မြန်ဆန်စေရေးဆောင်ရွက်ရန် ညွှန်ကြားထားသောကြောင့် လုပ်ငန်းခွင့်ပြုမိန့်များချပေးရာတွင် ရက်ပေါင်း ၆၀ မဟုတ်ဘဲ ရက်ပေါင်း ၄၅/၅၀ ရက်အတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်သည်။

ဆေးရုံတည်ဆောက်မည့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုချက်ယူပြီးလျှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရယူသည့်အခါ နှစ်လ၊ သုံးလ အစရှိသဖြင့် ကြာသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှာ အခက်အခဲဖြစ်ကြောင်း ဆေးကုန်သည် ဦးစိုင်းသောင်းက ပြောကြားသည်။

“အခြားနိုင်ငံတွေမှာဆို လုပ်ငန်းခွင့်ပြုမိန့်က တစ်လနဲ့အပြီးရတယ်။ ဒီမှာက MIC မှာတင် နှစ်လကြာတယ်။ ဝန်ကြီးဌာနတွေဆီ ရောက်သွားရင် လေးလလောက်ရှိတော့ လုပ်ငန်းတစ်ခုရဖို့အရေး ခြောက်လလောက်ကြာတော့ လုပ်ငန်းရှင်ဘက်က စိတ်ပျက်တာပေါ့”ဟု ၎င်းက ဆိုသည်။

J-13

  • VIA