News

POST TYPE

BUSINESS

ကြက်သားဈေးတက်
27-Jun-2018


ရန်ကုန်၊ ဇွန် ၂၇

ရန်ကုန်တိုင်းအတွင် ကြက်သား ဈေးနှုန်းများသည် ဇွန်လမှစ၍ လက်လီဈေး အသားတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့် ဈေးတက်ခဲ့ကြောင်း ကြက်သားလက်လီရောင်းချသူများထံမှ သိရသည်။

ကြက်သားဈေးနှုန်းများမှာ ဇွန်လ အစက လက်လီဈေး အသားတစ်ပိဿာလျှင် ကျပ် ၆၀၀၀ အထိ ဈေးနှုန်းရှိခဲ့ပြီး ယခုရက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ၎င်းတို့အဆိုအရ သိရသည်။

ရန်ကုန်တိုင်းတွင် ထွက်နှုန်းနည်းသောကြောင့် ခြံဖမ်းဈေး မြင့်တက်လာပြီး ယခုလ နောက်ဆုံး အပတ်မှစတင်ကာ ကြက်သား လက်လီဈေး မြင့်လာကြောင်း အသားတိုး ကြက် ထုတ်လုပ်မွေးမြူရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

“မိုးဦးကာလက ထွက်နှုန်းနည်းနေလို့ ကောင်ရေလျော့တဲ့အပြင် ထုတ်လုပ်မှုလျော့သွားတဲ့အတွက် ဈေးနည်းနည်းတက်နေတာပါ။ နောက်လလောက်ဆို ကြက်ထုတ်လုပ်မှု ပိုများလာမှာဖြစ်တဲ့အတွက် ကြက်သားဈေးက ပြန်တော့ကျမှာပါ။ ကြက်သားခြံဖမ်းဈေး ၃၅၀၀ ကနေ ၃၀၀၀ လောက် ဖြစ်လာမှာပါ”ဟု ဦးကျော်ဝင်းကဆိုသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်ဘဲဈေးတွင် ယခင်လနှင့် ယခုလအစက ဒိုင်ဈေး ခြံဖမ်းဈေးနှုန်း လက်ကားဈေး တစ်ပိဿာလျှင် ၃၂၀၀ ကျပ်အထိရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၃၅၀၀ အထိ ဈေးနှုန်း မြင့်တက်လာကြောင်း အဆိုပါ ကြက်ဘဲဈေးထံမှ သိရသည်။

“ကြက်သားဈေးက ခြံဖမ်းဈေး တက်လာလို့ ဈေးတက်လာတယ်။ ကြက်သား လက်လီဈေး တစ်ပိဿာ ၇၀၀၀ ကျပ်အထိ ရောက်လာပေမယ့် စားသုံးသူကတော့ လျော့ကျတာတော့ မရှိပါဘူး”ဟု သာကေတမြို့နယ် ၇ ဈေးမှ လက်လီရောင်းချသူ ကြက်သားဒိုင်ဒေါ်သီတာက ဆိုသည်။

ယခုလက်ရှိ ရန်ကုန်မြို့ရှိ ကြက်ဥ ဈေးနှုန်းများမှာ ကျပ် ၂၀ ခန့်အထိ မြင့်တက်လာကာ ကြက်ဥတစ်လုံးလျှင် လက်ကားဈေး ၁၁၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မြို့နယ်များရှိ ဈေးများတွင် ကြက်ဥတစ်လုံးလျှင် လက်လီဈေး ကျပ် ၁၄၀ မှ ၁၅၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

J-10