News

POST TYPE

BUSINESS

တစ်ဒေါ်လာ ကျပ် ၁၄၀၀ ခန့်ရောက်ရှိ
27-Jun-2018

ရန်ကုန်၊ ဇွန် ၂၇

ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အမေရိကန် ဒေါ်လာဈေးသည် အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်ခန့်သို့ ရောက်ရှိနေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

တပ်မတော်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်အတွင်းက ပြင်ပဒေါ်လာ ဈေးကွက်အတွင်း အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်း ယခုဈေးနှုန်းမှာ အမြင့်ဆုံးဈေးဖြစ်သည်။

ယခုနောက်ပိုင်းနှစ်များအတွင်း၌မူ အမြင့်ဆုံးအဖြစ် ၂၀၁၆ ခုနှစ်အတွင်းက တစ်ဒေါ်လာလျှင် ၁၃၇၅ ကျပ်သို့ ရောက်ရှိထားသည်။

ငွေကြေး ဈေးကွက်ကျွမ်းကျင်သူများက ပြန်လည် ကျဆင်းမည်ဟု ခန့်မှန်းနေကြသော်လည်း ဒေါ်လာဈေး မြင့်တက်မှုမှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပြီး ဆက်လက် မြင့်တက်မြဲဖြစ်သည်။

အမေရိကန် ဒေါ်လာဈေး မြင့်တက်မှုသည် နိုင်ငံတကာ၌ ဒေါ်လာတန်ဖိုးများ မြင့်တက်ခြင်းအပြင် ပြည်တွင်း၌ သွင်းကုန် များပြားနေ၍ ဒေါ်လာဝယ်လိုအား အနည်းငယ် မြင့်တက်ခြင်းတို့ကြောင့် ယင်းသို့ ဆယ်စုနှစ်အတွင်း စံချိန်တင် ဈေးနှုန်းအဖြစ်သို့ ရောက်ရှိစေခြင်းဖြစ်ကြောင်း ဒေါ်လာရောင်းဝယ်သူများထံမှ သိရသည်။

မေလ ၂၂ ရက်ကဈေးနှင့် နှိုင်းယှဉ်ပါက ယခုအခါ ပြင်ပဈေးသည် တစ်ဒေါ်လာလျှင် ၄၆ ကျပ်၊ ဗဟိုဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၃၀ နီးပါးနှင့် ပုဂ္ဂလိက ဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၄၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁၃၉၄ ကျပ်၊ ဗဟိုဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၃၈၀ ကျပ်နှင့် ပုဂ္ဂလိက ဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၃၉၄ ကျပ်ရှိကြောင်း၊ အချို့ဘဏ်များမှာ ၁၄၀၀ ကျပ်ကျော် သတ်မှတ်ရောင်းချမှုများလည်းရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ဗဟိုဘဏ် သတ်မှတ်ဈေးမှာလည်း ထိန်းချုပ်ထားသော နှုန်းရှင် (Managed Floating) စနစ်စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဈေးအဖြစ်သို့ ရောက်ရှိလျက်ရှိသည်။

S-04